အယုဒ္ဓယမြို့တော်ဟာ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်ဟောင်းဖြစ်ပြီး ဘန်ကောက်မြို့ မြောက်ဘက် မိုင် ၅၀ အကွာမှာ တည်ရှိပါတယ်။ ဒီမြို့တော်ဟောင်းကြီးကို ခရစ်သက္ကရာဇ် ၁၃၅၀ ခုနှစ်မှာ ယိုးဒယားဘုရင်တပါးက စတင်တည်ဆောက်ခဲ့ပြီး ခမ်းနားကြီးကျယ်တဲ့ မင်းနေပြည်တော်ကြီးဖြစ်ခဲ့ပါ တယ်။ အခုအချိန်မှာတော့ အရင်ကလောက် စည်စည်ကားကား မရှိတော့ဘဲ ဘုရားပျက်၊ ကျောင်း ပျက်တွေသာ ရှိပါတော့တယ်။
ထင်ရှားတဲ့ရှေးဟောင်းမြို့တမြို့ဖြစ်ခဲ့တဲ့အပြင် ဘုရားပျက်၊ ကျောင်းပျက်နဲ့ အဆောက်အဦပျက်တွေကို ရှေးလက်ရာတွေမပျက်ဘဲ ဒီကနေ့ခေတ်ထိတိုင်အောင် မြင်တွေ့နေရသေးတဲ့အတွက် နိုင်ငံတကာခရီးသွားတွေ အများအပြားလာရောက်လည်ပတ်လေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူတွေနဲ့ ကျောက်စာ စိတ်ဝင်စားသူတွေလည်း လာရောက်လေ့ ရှိကြပါတယ်။
၂၀၂၀ လူဦးရေစာရင်းအရ အယုဒ္ဓယရှေးဟောင်း မြို့တော်မှာ နေထိုင်သူ ၅ သောင်းကျော်သာ ရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာတော့ အယုဒ္ဓယမှာ ကိုဗစ်လူနာ စတင် တွေ့ရှိခဲ့ပါတယ်။ လက်ရှိအချိန် မှာတော့ ထိုင်းအစိုးအနေနဲ့ အသွားအလာကန့်သတ်မှုတွေကို လျှော့ချပေးနေတဲ့အတွက် ရှေးဟောင်းမြို့တော်ဖြစ်တဲ့ အယုဒ္ဓမြို့တော်ရဲ့ ဘုရားကျောင်းတွေနဲ့ သမိုင်းဝင်နေရာတွေကို ခရီးသွား ဧည့်သည်တွေ လည်ပတ်နိုင်ဖို့ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။
မြို့တော်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ Panu Yaemsri ကလည်း “စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ရှေးဟောင်းအယုဒ္ဓယ မြို့တော်အတွင်းက ဘုရားကျောင်းတွေနဲ့ သမိုင်းဝင်နေရာတွေကို ခရီးသွားတွေ လည်ပတ်နိုင်အောင် ပြန်လည် ဖွင့်လှစ်ပေးထားပါတယ်။ ဒါကြောင့်လည်း ခရီးသွားတွေအနေနဲ့ ဘုရားဖူးခရီးစဉ်တွေကို ပြန်လည်စတင်နိုင်ပြီဖြစ်သလို ဘုရားဆင်းတုတော်တွေကိုလည်း ပြန်လည် ဦးချနိုင်ကြတော့မှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
ခရီးသွားဧည့်သည် ၉၀ ရာခိုင်နှုန်းကတော့ ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားချက်အတိုင်း Mask တပ်ဆင်ပြီး လည်ပတ်ကြသူတွေ ဖြစ်တယ်လို့ မြို့တော်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ခရီးသွားတွေ အနေနဲ့ ကိုယ်အပူချိန် တိုင်းတာမျိုး ပြုလုပ်ရသလို လက်ကိုလည်း သေသေချာချာ ဆေးခိုင်းထားပြီး ခရီးသွားမှတ်တမ်းကိုကလည်း စနစ်တကျ မှတ်ပုံတင်စေတယ်လို့ Mr.Panu က ပြောပါတယ်။
မကြာခင်အချိန်မှာတော့ ခရီးသွားလုပ်ငန်းတွေ ပုံမှန် လည်ပတ်လာနိုင်တော့မှာဖြစ်သလို စားသောက်ဆိုင်တွေနဲ့ အမှတ်တရပစ္စည်းဆိုင်တွေရဲ့ စီးပွားရေးအခြေအနေတွေ ပြန်ကောင်းလာနိုင်မယ်လို့ သူက ပြောပါတယ်။
အခုချိန်မှာတော့ အယုဒ္ဓမြို့တော်ဟာ COVID-19 ကပ်ရောဂါဆိုးကြီးကနေ လွတ်မြောက်ခဲ့ပါပြီ။ ကပ်ရောဂါကာလအတွင်း ပြည်နယ်အတွင်း ၈ ဦး ရောဂါကူးစက်ခံခဲ့ရသလို ၇ ဦး ကျန်းမာရေး ပြန် လည်ကောင်းမွန်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။ လက်ရှိမှာတော့ အယုဒ္ဓယရှေးဟောင်းမြို့တော်မှာ ကူးစက်လူနာသစ် ထပ်မံ မတွေ့ရှိတာ ၃၄ ရက် အထိရှိလာခဲ့ပါပြီ။
Ref: Bangkokpost