ကမ္ဘာတဝှမ်း ပြန့်ပွားနေတဲ့ COVID-19 ကြောင့် လက်ရှိအချိန်မှာတော့ လူပေါင်း ၅ သန်းခွဲကျော် ရောဂါကူးစက် ခံနေရပြီး ၃ သိန်းခွဲနီးပါး သေဆုံးခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ကူးစက်မှုနှုန်း အများဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း ၁ သန်း ၆ သိန်းကျော် ရောဂါကူးစက်ခံနေရပြီး ၁ သိန်းနီးပါး သေဆုံးခဲ့ပါတယ်။ ဒုတိယကူးစက်မှုအများဆုံးနိုင်ငံကတော့ ဘရာဇီးနိုင်ငံဖြစ်ပြီး လူပေါင်း ၃ သိန်းကျော် ရောဂါကူးစက်ခံနေရသလို ၂ သောင်းကျော်သေဆုံးခဲ့ရပါတယ်။
မေလ ၂၄ ရက်၊ တနင်္ဂနွေနေ့မှာတော့ အမေရိကန်နိုင်ငံသား မဟုတ်တဲ့ ဘရာဇီးနိုင်ငံက လာရောက်သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်လောက်ကစပြီး ဘရာဇီးနိုင်ငံမှာ COVID-19 ကူးစက်သူ အရေအတွက် များလာခဲ့သလို သေဆုံးမှုနှုန်းကလည်း မြင့်တက်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာဆိုရင်လည်း ဘရာဇီးနိုင်ငံက COVID-19 ကြောင့် လူသေဆုံးမှု အများဆုံး ၅ နိုင်ငံစာရင်းထဲပါဝင်နေပြီး ပဉ္စမနေရာက ရှိနေပါတယ်။
ကြာသပတေးနေ့ကနေ စတင် အကျုံးဝင်မှာဖြစ်တဲ့ ဒီဥပဒေကြောင့် အမေရိကန်နိုင်ငံသားကလွဲပြီး ၁၄ ရက်တာ ကာလအတွင်း ဘရာဇီးနိုင်ငံကို သွားရောက် လည်ပတ်ထားတဲ့ ခရီးသွားတွေအားလုံး အမေရိကန်နိုင်ငံကို ပြည်ဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။
အခုကန့်သတ်ချက်ဟာ အမေရိကန်နဲ့ ဘရာဇီး ၂ နိုင်ငံကြားက ကုန်သွယ်ရေးကိစ္စတွေနဲ့တော့ သက်ဆိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ အခုလို ပြည်ဝင်ခွင့် ယာယီ ကန့်သတ်လိုက်ခြင်းက အမေရိကန်ရဲ့ အကျိုးစီးပွားကြောင့်ဖြစ်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။
ထရမ့်အနေနဲ့ ဗြိတိန်၊ ဥရောပနဲ့ တရုတ်နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။ အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေအားလုံးဟာ COVID-19 ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်သမ္မတအနေနဲ့ ဘရာဇီးနိုင်ငံကို ပြည်ဝင်ခွင့်ပိတ်ဖို့ စဉ်းစားနေကြောင်း ပြောဆိုခဲ့ရာကနေ အခုလို ကန့်သတ်ချက် ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။
အမေရိကန် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Robert O’Brein ကလည်း အမေရိကန် ပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ လုပ်ဆောင်မှုတိုင်းကို ပြုလုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါ တယ်။ ၂၀၂၀ ခုနှစ် ၊ ဖေဖော်ဝါရီလ အတွင်း ဘရာဇီးနိုင်ငံကနေ အမေရိကန်ကို ပျံသန်းခဲ့တဲ့ လေ ကြောင်းခရီးစဉ်ပေါင်း ၇၀၀ ကျော်ရှိခဲ့ပေမယ့် ဧပြီလအတွင်းမှာတော့ ၁၄၀ သာ ရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဧပြီလအတွင်းမှာတော့ ဘရာဇီးကနေ အမေရိကန်ကို ပျံသန်းတဲ့ လေကြောင်းခရီးစဉ်ပေါင်း ၇၀၀ ကျော် ခဲ့ပါတယ်။ COVID-19 ကို ကိုင်တွယ်ပုံ ညံ့ဖျင်းတဲ့အတွက်ကြောင့်လည်း ဘရာဇီးသမ္မတ Jair Bolsonaro ကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။
Ref: foxnews
You may also like these stories:
ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ
ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်တော့မယ့် ဂရိနိုင်ငံ
အီတလီ လေဆိပ်အားလုံး ပြန်ဖွင့်တော့မည်