ဗီယက်နမ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူပေါင်း ၃၂၇ ယောက် ရှိပြီး သေဆုံးသူကတော့ တဦးမှ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဗီယက်နမ် အစိုးရအနေနဲ့ သိပ်မကြာသေးခင် ကာလကပဲ အသွားအလာကန့်သတ်မှုတွေကို လျှော့ချပေးခဲ့သလို ပြည်တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုလည်း ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ မြို့ပြလေကြောင်းစီမံခန့်ခွဲမှု ဒါရိုက်တာဖြစ်သူ Mr.Dinh Viet Thang ကလည်း ဗီယက်နမ် နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ဇွန်လ ၁၀ ရက်နေ့ကစပြီး ပြေးဆွဲခွင့်ပြုဖို့ ဝန်ကြီးချုပ် Nguyen Xuan Phuc ကို တင်ပြသွားမယ်လို့ ဆိုပါတယ်။
ဗီယက်နမ် နိုင်ငံတကာ လေကြောင်းလိုင်းတွေအနေနဲ့ COVID-19 မတိုင်ခင် ကာလကအတိုင်း ဝန်ဆောင်မှုတွေကို ပြန်လည်ပေးနိုင်တဲ့အတွက် နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပြန်လည် ပြေးဆွဲခွင့်ပြုဖို့ တောင်းဆိုရခြင်းပဲ ဖြစ်တယ်လို့ Mr. Ding Viet Thang ကပြောပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ ပြန်လည်ပြေးဆွဲမယ့် နိုင်ငံတကာခရီးစဉ်တွေကို ရေးဆွဲပြီးသွာပြီလို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ COVID-19 ကာကွယ်ရေး ဦးဆောင်ကော်မတီအနေနဲ့လည်း နိုင်ငံအလိုက် ရောဂါ ကူးစက်မှု အခြေအနေပေါ် မူတည်ပြီး လေကြောင်းလိုင်းတွေ ပြန်လည် ပြေးဆွဲသွားနိုင်မယ့် အချိန်ကာလကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ ဗီယက်နမ် မြို့ပြလေကြောင်း စီမံခန့်ခွဲရေးဌာနအနေနဲ့လည်း ထိုင်ဝမ်နဲ့ ကိုရီးယားလေကြောင်းလိုင်းတွေကို ပြန်လည် ပြေးဆွဲခွင့်ပြုဖို့ အဆိုပြုထားပါတယ်။
ဗီယက်နမ်နိုင်ငံ အပါအဝင် ထိုင်ဝမ်နဲ့ ဥရောပနိုင်ငံ တချို့လည်း COVID-19 ကို ထိန်းချုပ်နိုင်တဲ့အခြေအနေမျိုး ရောက်ရှိနေပါပြီ။ ဒါကြောင့်လည်း COVID-19 ကာလအတွင်းက ကျဆင်းခဲ့ရတဲ့ စီးပွားရေး အခြေအနေတွေကို ပြန်လည်ကုစားနိုင်ဖို့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ စတင်ပြေးဆွဲဖို့ လိုအပ်နေပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို ပြန်လည် ပြေးဆွဲခွင့် ပြုထားပေမယ့် နိုင်ငံတကာ လေကြောင်းလိုင်း ခရီစဉ်တွေကိုတော့ ဧပြီလ ၁ ရက်နေ့ကတည်းက ယာယီရပ်ဆိုင်း ထားခဲ့ပါတယ်။ ပြည်ပခရီးစဉ်အနေနဲ့လည်း ဗီယက်နမ်နိုင်ငံကို ပြန်လာချင်တဲ့ ပြည်ပရောက် ဗီယက်နမ် နိုင်ငံသားတွေအတွက် သီးသန့် ပြေးဆွဲပေးခဲ့ပါတယ်။
၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် လည်း နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်အရေအတွက် သိသိသာသာ လျှော့ကျသွားခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဆိုးကြောင့် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း လေကြောင်းလိုင်းတွေအနေနဲ့ ဝင်ငွေတွေ ဆုံးရှုံးခဲ့ရပါတယ်။
Ref: vietnamtimes
You may also like these stories:
နိုင်ငံပေါင်း ၁၁၁ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ဂျပန်
ထိုင်းမှာ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စတင်မည်