COVID-19 ကြောင့် အာရှနိုင်ငံအများစုမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရပါတယ်။ မကြာခင်ကာလမှာတော့ နိုင်ငံအများစုအနေနဲ့ ခရီးသွားလုပ်ငန်းတွေကို ပြန်စတင်နိုင်ပါတော့မယ်။ ကိုဗစ်အလွန် ကာလမှာတော့ ခရီးသွားလုပ်ငန်းတွေကို ပြန်စတင်မယ့်နိုင်ငံထဲ မလေးရှားနိုင်ငံလည်း ပါဝင်ပါတယ်။
ကိုဗစ်ကာလအတွင်း အထိနာခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် စတင်နိုင်ဖို့ မလေးရှားနိုင်ငံအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကိုင်နေပါတယ်။ မလေးရှားမှာ ဇွန်လ ၁၀ ရက်နေ့စပြီး ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေးလုပ်ငန်းတွေ အားလုံး ပြန်စတင်တော့မယ်လို့ သိရပါတယ်။
မလေးရှားမှာ စီးပွားရေးလုပ်ငန်းတွေ အားလုံး ၃ လနီးပါး ရပ်ဆိုင်းခဲ့ရပြီး အခုချိန်မှာတော့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ပြန်စတင်ဖို့ ပြင်ဆင်နေပါပြီ။
မလေးရှားမှာ COVID-19 ရောဂါကို ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို စတင်တော့မှာဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Muhyiddin Yassin က ရုပ်မြင်သံကြားကတဆင့် ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ ကန့်သတ်မှုတွေကို ပြန်ဖြေလျှော့ပေးတော့မှာဖြစ်သလို ပညာရေးနဲ့ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ကျန်းမာရေးဌာနရဲ့လမ်းညွှန်မှုနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်က ရုပ်မြင်သံကြား မိန့်ခွန်းကနေ တဆင့် ပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့်လည်း မကြာခင်ကာလအတွင်း မလေးရှားနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ပါတော့မယ်။
ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းမှာတော့ ပြည်ပ ခရီးသွားလုပ်ငန်းတွေကို ရပ်ဆိုင်းထားဦးမှာဖြစ်ပေမယ့် ပြည်တွင်း ခရီးသွားလုပ်ငန်းတွေကိုတော့ ပြန်လည် စတင်တော့မယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း မလေးရှားနိုင်ငံသားတွေအနေနဲ့ ပြည်နယ်တခုကနေ တခုကို သွားရောက် လည်ပတ်နိုင်ပါတော့မယ်။
ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်တော့မှာဖြစ်ပေမယ့် ဖျော်ဖြေရေးလုပ်ငန်းတွေအပါအဝင် နိုက်ကလပ်တွေကိုတော့ လူစုလူဝေးနဲ့ သွားရောက်ခွင့် မပြုထားပါဘူး။ COVID-19 ကာလအတွင်း မတ်လ ၁၈ ရက်နေ့ကစပြီး စာသင်ကျောင်းအပါအဝင် စီးပွားရေးလုပ်ငန်းအများစုကို မလေး ရှားနိုင်ငံအနေနဲ့ ရပ်ဆိုင်းထားခဲ့ရပါတယ်။
မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရတဲ့လူပေါင်း ၈,၃၂၂ ယောက် ရှိနေပြီး ၁၁၇ ယောက် သေဆုံးခဲ့ရပါတယ်။ မတ်လအတွင်း ရောဂါကူးစက်ခံရသူ အရေအတွက် မြင့်မားခဲ့ပေမယ့် လွန်ခဲ့တဲ့ရက်သတ္တပတ်ကစပြီး ကူးစက်သူ အရေအတွက် ကျဆင်းခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပြည်တွင်းကူးစက်မှုနှုန်း သိသိသာသာ ကျဆင်းသွားခဲ့ပြီး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောကြားသွားခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံထဲမှာဆိုရင် မလေးရှားနိုင်ငံ စီးပွားရေးက တတိယအကြီးဆုံးနေရာက ရှိနေပါတယ်။
Ref: skift
You may also like these stories:
ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း ဒေါ်လာ ၃ ဘီလီယံ အရှုံးပေါ်
အက်စ်တိုးနီးယားမှာ ခရီးသွားလုပ်ငန်းများ စတင်တော့မည်
နိုင်ငံခြားသားများအား ဖိလစ်ပိုင်သို့ ဝင်ရောက်ခွင့်ပြုဦးမည် မဟုတ်