ထိုင်းနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် ကျဆင်းလာပါတယ်။ ဒါကြောင့်လည်း ဖူးခက်ပြည်နယ်အတွင်းက ကမ်းခြေတွေကို ဇွန်လ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်ထားပါတယ်။
ဖူးခက် အုပ်ချုပ်ရေးမှူးဖြစ်သူ Pakapong Tawipat ကတော့ ကမ်းခြေတွေကို ပြန်လည် ဖွင့်လှစ်မှာဖြစ်ပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးနိုင်ဖို့ ခရီးသွားတွေအနေနဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကိုလိုက်နာရမှာဖြစ်တယ်လို့ စနေနေ့က ပြုလုပ်ခဲ့တဲ့ ရောဂါကူးစက်မှုဆိုင်ရာ ကော်မတီ အစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာပြီးနောက်ပိုင်း ကမ်းခြေအများစုကို မတ်လ ၂၉ ရက်နေ့ကတည်းက ပိတ်ထားခဲ့ပါတယ်။ ဖူးခက်က ကမ်းခြေတွေဟာ နိုင်ငံတကာ ခရီးသွားတွေကြားမှာ ရေပန်းစားပါတယ်။ ကမ်းခြေတွေကို ခရီးသွားခွင့် ပြန်ခွင့်ပြုမှာဖြစ်ပေမယ့် ဖူးခက် နိုင်ငံတကာ လေဆိပ်ကိုတော့ ဇွန်လ ၁၅ ရက်နေ့အထိ ပိတ်ထားမှာ ဖြစ်တဲ့အတွက် ခရီးသွားတွေ နည်းနေတုန်းပါပဲ။
ပြီးခဲ့တဲ့ စနေနေ့ကစလို့ ဖူးခက်ပြည်နယ်မှာ ရောဂါ ကူးစက်ခံရသူ မရှိခဲ့ပါဘူး။ ထိုင်းနိုင်ငံမှာလည်း ပြည်ပက ပြန်လာသူတွေမှာသာ ရောဂါတွေ့ရှိရပြီး ပြည်တွင်းကူးစက်မှုကတော့ နည်းပါးခဲ့ပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့ကနေ ဇွန်လ ၅ ရက်အတွင်း ဖူးခက်ပြည်နယ်မှာ ရောဂါကူးစက်ခံရသူ ၂၂၇ ယောက်ရှိခဲ့ပြီး ဘန်ကောက်ကလွဲလို့ ကူးစက်မှုမြင့်မားခဲ့တဲ့ ပြည်နယ် ဖြစ်ခဲ့ပါတယ်။ ကူးစက်ခံရသူ ၂၂၇ ယောက်အနက် ၂၂၄ ယောက် ပြန်လည် သက်သာလာခဲ့ပြီး ၃ ယောက် သေဆုံးခဲ့ပါတယ်။
ကိုဗစ်အလွန် ကာလမှာ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်လာခဲ့ပေမယ့် ကျန်းမာ ရေးဆိုင်ရာ သတိပေးချက်တွေတော့ ရှိနေပါသေးတယ်။ ဖူးခက်ပြည်နယ်အတွင်းက ကမ်းခြေတွေကိုအလည်လာတဲ့ ခရီးသွားတွေအနေနဲ့ ကန့်သတ် အကွာအဝေးအတွင်း နေထိုင်ရမယ်ဆိုတဲ့ သတ် မှတ်ချက်မျိုးတွေကို လိုက်နာရမှာလည်း ဖြစ်ပါတယ်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကလည်း ခရီးသွားတွေ လိုက်နာရမယ့် အချက်အလက်တွေကို ဇွန်လ ၈ ရက်နေ့ မှာ သတ်မှတ်ပေးထားပါတယ်။ ဖူးခက် နိုင်ငံတကာလေဆိပ်ကို ပိတ်ထားတုန်း ဖြစ်တာကြောင့် နိုင်ငံခြားခရီးသွားတွေ သွားရောက် လည်ပတ်နိုင်ဦးမှာ မဟုတ်ပါဘူး။
Ref. Bangkokpost
You may also like these stories:
မလေးရှားမှာ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်
ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း ဒေါ်လာ ၃ ဘီလီယံ အရှုံးပေါ်
အက်စ်တိုးနီးယားမှာ ခရီးသွားလုပ်ငန်းများ စတင်တော့မည်