ဗီယက်နမ်နိုင်ငံက Phu Quoc ကျွန်းဟာ ကြီးမားတဲ့ ကျွန်းတကျွန်းဖြစ်ပြီး နိုင်ငံတကာခရီးသွားတွေ လာရောက် လည်ပတ်လေ့ရှိတဲ့ ကျွန်းပါ။ မကြာခင်အချိန်မှာတော့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားလာရေး လက်ထောက်ဝန်ကြီးဖြစ်တဲ့ Trinh Thi Thuy ကလည်း Phu Quoc ကျွန်းအပါအဝင် အခြားကျွန်းတွေဆီကို နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေ လာရောက် လည်ပတ်နိုင်အောင် လုပ်ဆောင်နေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
ကိုဗစ်ကာလအတွင်း ဗီယက်နမ်နိုင်ငံရဲ့ စီမံခန့်ခွဲမှုကို နိုင်ငံတကာကလည်း ချီးကျူးခဲ့ပါတယ်။ COVID-19 ကြောင့် ဗီယက်နမ်နိုင်ငံမှာ လူသေဆုံးမှု မရှိခဲ့သလို ပြည်တွင်းကူးစက်မှု မရှိခဲ့တာ ၄၉ ရက် ရှိခဲ့ပါပြီ။ ဗီယက်နမ်နိုင်ငံရဲ့ ၉၇ သန်းရှိတဲ့အနက် လူပေါင်း ၃၃၂ ယောက် ရောဂါကူးစက်ခံခဲ့ရပါတယ်။
ဗီယက်နမ် ခရီးသွားလာရေးဝန်ကြီးဌာနကလည်း ဗီယက်နမ်တောင်ပိုင်း မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ခရီးသွားလုပ်ငန်း ပြန်စတင်ဖို့ ခရီးသွားလုပ်ငန်းအသင်းကို စီမံခန့်ခွဲခိုင်းထားတယ်လို့ ဆိုပါတယ်။ အဲဒီဒေသတွေမှာ ပြည်တွင်းခရီးသွားတွေ ရှိနေကြပြီး နိုင်ငံတကာ ခရီးသွား လာရောက် လည်ပတ်ချိန်မှာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။
နိုင်ငံတကာ ခရီးသွားတွေကို လာရောက် လည်ပတ်ခွင့်ပေးတဲ့အခါ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်၊ ထိုင်း စတဲ့ နိုင်ငံတွေရဲ့ ခရီးသွားဈေးကွက်ကိုလည်း ဝန်ကြီးဌာနအနေနဲ့ လေ့လာနေပြီး ရောဂါထိန်းချုပ်နိုင်တဲ့ နိုင်ငံက ခရီးသွားတွေကို လာရောက် လည်ပတ်ခွင့် ပြုပါမယ်။
၂၀၁၂ ခုနှစ်မှာတော့ Phu Quoc ကျွန်းမှာ နိုင်ငံတကာလေဆိပ် တည်ဆောက်ခဲ့ပြီးနောက် နိုင်ငံတကာခရီးသွားတွေ လာရောက်လည်ပတ်မှု များပြားခဲ့ပါတယ်။ ဗီယက်နမ် ခရီးသွားဝန်ကြီးဌာနအနေနဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ပေါ်လစီကို စတင် ကျင့်သုံးခဲ့ပါ တယ်။
၂၀၁၉ ခုနှစ်အတွင်း Phu Quoc ကျွန်းကို လာရောက်လည်ပတ်တဲ့ နိုင်ငံတကာခရီးသွား ၅ သန်းကျော်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထက်စာရင် ၃၀ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။
Ref: thethaiger