Travel

ဇွန် ၁၅ ကစပြီး ခရီးသွားများအား ဂျမေကာသို့ လာရောက်ခွင့်ပြုမည်

ဂျမေကာနိုင်ငံကို နှစ်စဉ်ဆိုသလို နိုင်ငံတကာခရီးသွားတွေ လာရောက် လည်ပတ်လေ့ ရှိပါတယ်။ ကိုဗစ်ကာလအတွင်းမှာတော့ မတ်လ ၂၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ယာယီပိတ်ပင်လိုက်သလိုပြည်တွင်းမှာလည်း တင်းကျပ်တဲ့ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ခရီးသွား ကန့်သတ်ချက်တွေ ပြုလုပ်ခဲ့တာကြောင့် ပြည်ပရောက်နေတဲ့ ဂျမေကာနိုင်ငံသားတွေလည်း ပြန်လာလို့ မရခဲ့ပေမယ့် ဇွန် လ ၁ ရက်နေ့ကစပြီး ပြည်ပရောက် နိုင်ငံသားတွေကို ပြန်ခေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျမေကာနိုင်ငံသား ၈၀၀၀ ကျော်ကို ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ပါတယ်။

ဇွန်လ ၁၅ ရက်နေ့ကစပြီး ဂျမေကာနိုင်ငံကို လာရောက် လည်ပတ်လိုတဲ့ နိုင်ငံခြားသား ခရီးသွားတွေကို ပြည်တွင်းဝင်ရောက်ခွင့် ပြုလိုက်ပြီလို့ ဂျမေကာ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ အကြီးအကဲဖြစ်သူ Edmund Bartlett က တရားဝင် ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ ခရီးသွားတွေနဲ့ ပတ်သက်ပြီး နိုင်ငံတချို့မှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ ဂျမေကာနိုင်ငံကတော့ ဘယ်နိုင်ငံက ခရီးသွားတွေကိုမဆို ပြည်တွင်းဝင်ရောက်ခွင့် ပြုလိုက်ပါတယ်။

ဒါကြောင့်လည်း ဂျမေကာနိုင်ငံကို လာရောက် လည်ပတ်မယ့် ခရီးသွားတွေအတွက် လေကြောင်းလိုင်း၊ စားသောက်ဆိုင်နဲ့ အပန်းဖြေနေရာတွေကို ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြသလို ကျန်းမာရေး အန္တရာယ် မဖြစ်အောင် ကြိုတင်လုပ်ဆောင်မှုတွေ ပြုလုပ်ထားပါတယ်။

ဂျမေကာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေမှာ ခရီးသွားလုပ်ငန်းက ကြီးမားတဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ ရှိနေပါတယ်။ ဂျမေကာခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းပေါင်း ၁၃၀,၀၀၀ အထိ ရှိပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်း ဒါရိုက်တာဖြစ်သူ Donovan White က အခုလို ဆိုထားပါတယ်။

“ခရီးသွားလုပ်ငန်းဟာ ပြည်တွင်းစီးပွားရေးအတွက် အသက်သွေးကြောတခုပါပဲ။ ဒါကြောင့်လည်း နိုင်ငံတကာ ခရီးသွားတွေကို ဝန်ဆောင်မှု ကောင်းကောင်းပေးဖို့ လိုအပ်သလို ကျန်းမာရေးဆိုင်ရာ လုံခြုံမှုကိုလည်း ပေးဖို့ လိုအပ်ပါတယ်။ စီးပွားရေးဆိုင်ရာ ခရီးသွားလုပ်ငန်းကို ပြန်လည် စတင်ဖို့ ကျနော်တို့မှာ ယုံကြည်ချက်လည်း ရှိနေပါတယ်”လို့ သူက ပြောကြားခဲ့ပါတယ်။

ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ ဖြိုးလာဖို့ ဂျမေကာအစိုးရအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး စံသတ်မှတ်ချက်တွေကို အခြေခံပြီး ပြည်သူ့ကျန်းမာရေး ဦးစားပေး ခရီးသွားလုပ်ငန်းကို နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဇွန်လ ၁၅ ရက်နေ့ကစပြီး ဂျမေကာနိုင်ငံသို့ လာရောက် လည်ပတ်တဲ့ ခရီးသွားတွေကို ကိုယ်အပူချိန် တိုင်းတာမျိုး ဆောင်ရွက်မှာဖြစ်ပြီး အပူချိန်မြင့်တက်နေရင်တော့ နောက်ထပ် စစ်ဆေးမှုတွေကို ခံယူရမှာ ဖြစ်ပါတယ်။ ဖျားနာတာ သို့မဟုတ် ရောဂါလက္ခဏာ တခုခုပြနေတဲ့ ခရီးသွားတွေကတော့ Quarantine ဝင်ရမှာ ဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ဂျမေကာနိုင်ငံမှာ ရောဂါကူးစက်သူ ၆၀၅ ယောက် ရှိခဲ့ပြီး ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ၄၀၇ ယောက်ကတော့ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။

Ref: Breakingtravelnews

You may also like these stories:

ဗီယက်နမ်က Phu Quoc ကျွန်းကို မကြာခင် ပြန်ဖွင့်မည်

ဖူးခက်မှာ ကမ်းခြေတွေ ပြန်ဖွင့်ပြီ

Loading