ကိုဗစ်ကူးစက်မှုနှုန်း အများဆုံး နိုင်ငံစာရင်းထဲ ပြင်သစ်နိုင်ငံလည်း ပါဝင်ပြီး ကမ္ဘာ့အတိုင်းအတာနဲ့ ဆိုရင် အဆင့် ၁၂ နေရာက ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ကူးစက်သူပေါင်း ၁၅၅,၁၃၆ ယောက် ရှိပြီး သေဆုံးသူပေါင်း ၃ သောင်းနီးပါး ရှိခဲ့ပါတယ်။
နိုင်ငံအများစု နည်းတူပဲ ပြင်သစ်နိုင်ငံအနေနဲ့လည်း ကန့်သတ်မှုတွေကို ပြန်လည် ဖြေလျှော့ပေးနေပါတယ်။ မကြာခင် ရက်ပိုင်းအတွင်းမှာတော့ ခရီးသွားတွေအနေနဲ့ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ နေရာတနေရာဖြစ်တဲ့ အီဖယ်လ်မျှော်စင်ကို သွားရောက် လည်ပတ်နိုင်ပါတော့မယ်။
ကိုဗစ်ကာလအတွင်း အီဖယ်လ်မျှော်စင်ကို လည်ပတ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းတုန်းကလည်း အီဖယ်လ်မျှော်စင်ကို လည်ပတ်ခွင့် ပိတ်ပင်ခဲ့ဖူးပြီး အခုအကြိမ်ကတော့ ဒုတိယအကြိမ်မြောက် ပိတ်ပင်ခြင်းပါ။
ပြင်သစ်အစိုးရအနေနဲ့ ကန့်သတ်မှုတွေ ဖြေလျှော့ပေးပြီးတဲ့နောက်ပိုင်း ခရီးသွားတွေ လည်ပတ်လေ့ ရှိတဲ့ နေရာတွေကို ပြန်ဖွင့်ပေးဖို့ ပြင်ဆင်နေပြီး ဇွန်လ ၂၅ ရက်နေ့ကစပြီး အီဖယ်လ်မျှော်စင်ကို လည်ပတ်ခွင့် ရပါတော့မယ်။ နာမည်ကျော် Louvre ပြတိုက်ကိုလည်း ဇွန်လ ၆ ရက်နေ့က ပြန်ဖွင့်ခဲ့ပါတယ်။
အီဖယ်လ်မျှော်စင်ကို သံဘောင်တွေနဲ့ သီးသန့် တည်ဆောက်ထားပြီး အထပ် ၃ ထပ် ပါဝင်ပါတယ်။ မြေညီထပ်နဲ့ ဒုတိယထပ်ကို ရိုးရိုးလှေကား၊ ဓာတ်လှေကားနဲ့ တက်ရောက်နိုင်ပေမယ့် တတိယထပ်ကိုတော့ ဓာတ်လှေကား တမျိုးတည်းနဲ့သာ တက်ရောက်နိုင်ပါတယ်။
အခုအချိန်မှာတော့ ခရီးသွားတွေအနေနဲ့ တတိယထပ်ကို တက်လို့ ရဦးမှာ မဟုတ်ပါဘူး။ ဓာတ်လှေကားနဲ့ တက်ရောက်ရမှာဖြစ်တဲ့အတွက် နေရာ ကျဉ်းလွန်းတဲ့အတွက် ဓာတ်လှေကားကို သုံးခွင့် ရဦးမှာ မဟုတ်ဘူးလို့ အီဖယ်လ်မျှော်စင်ရဲ့ တရားဝင် Website မှာ ဖော်ပြထားပါတယ်။
ပြန်လည် ဖွင့်လှစ်တဲ့အချိန်မှာတော့ အသက် ၁၁ နှစ် အထက်လူတွေကိုသာ လာရောက်ခွင့် ပြုထားပြီး Mask တပ်ဆင်ရမှာ ဖြစ်သလို သတ်မှတ် အကွာအဝေးအတိုင်း လည်ပတ်ရမှာ ဖြစ်ပါတယ်။ အီဖယ်လ်မျှော်စင်ကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး နှစ်စဉ်ခရီးသွား ၇ သန်းကျော် လာရောက်လေ့ ရှိပါတယ်။
Ref: timesofindia
You may also like these stories:
မလေးရှားမှာ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်
မြန်မာ့ခရီးသွားလုပ်ငန်း New Normal ဖြင့် ပြန်လည် စတင်မည်