ဗီယက်နမ်နိုင်ငံအနေနဲ့ COVID-19 ရောဂါကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို ပျံသန်းနိုင်ခဲ့ပါတယ်။ မကြာခင်အချိန်အတွင်းမှာလည်း ဗီယက်နမ်လေကြောင်းလိုင်းတွေအနေနဲ့ အာရှနဲ့ ဥရောပ နိုင်ငံတွေကို ပြေးဆွဲသွားနိုင်ဖို့ ပြင်ဆင်မှု တွေပြုလုပ်နေပါတယ်။
ပျံသန်းမှု အချိန်ဇယားကို သေချာရေးဆွဲထားတာမျိုး မရှိသေးပေမယ့် နိုင်ငံတကာ ခရီးသွားတွေအတွက် လေကြောင်းလိုင်းတွေ ပြေးဆွဲနိုင်အောင် ပြင်ဆင်နေပြီး ပြည်တွင်းဝင်ရောက်လာသူတွေဟာ ၁၄ ရက်တော့ Quarantine ဝင်ရပါလိမ့်မယ်။
ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာလေကြောင်းလိုင်း ပျံသန်းမှုကို ဇွန် ၃၀ ရက်နေ့အထိ ကန့်သတ်ထားပေမယ့် ဗီယက်နမ် လေကြောင်းလိုင်း အာဏာပိုင်တွေကတော့ ဘန်ကောက် – ဟနွိုင်း – ဟိုချီမင်းမြို့ကို နေ့စဉ် ပျံသန်းနိုင်အောင် စီစဉ်နေပါတယ်။ ကိုဗစ် ဒုတိယလှိုင်းကို ကာကွယ်နိုင်ဖို့ ထိုင်းလေဆိပ်တွေ ဇူလိုင်လကုန်ထိ ပိတ်ထားမယ်လို့လည်း ခန့်မှန်းထားပါတယ်။
မြို့တော်ဟိုချီမင်းကနေ ဟောင်ကောင်၊ Guangzhou ၊ Shanghai Pu Dong မြို့ကို ပျံသန်းမှာဖြစ်သလို ဟနွိုင်းမြို့ကနေ ဥရောပ၊ ကွာလာလမ်ပူနဲ့ စင်ကာပူကို ပျံသန်းသွားမယ်လို့ သိရပါတယ်။ လာအိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဗီယင်ကျန်းမြို့ကိုတော့ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့ကနေ ပျံသန်းသွားပါမယ်။ တခြားပျံသန်းသွားမယ့် နေရာတွေကတော့ ပဲရစ်၊ Frankfurt ၊ ဖနွမ်းပင်၊ ဘူဆန်၊ ဆိုးလ်၊ ရန်ကုန် စတဲ့ မြို့တွေပါပဲ။
ကိုဗစ်ကာလအတွင်း နိုင်ငံအများစုရဲ့လေကြောင်းလိုင်းတွေကို ရပ်နားထားခဲ့ရပြီး လေကြောင်းလိုင်းတွေရဲ့ စီးပွားရေး ကျဆင်းခဲ့ရပါတယ်။ ကိုဗစ်ရောဂါကို ထိန်းချုပ်လာနိုင်တဲ့ နိုင်ငံတွေကတော့ ပြည်တွင်း လေကြောင်းလိုင်းတွေကို ခရီးသည် အကန့်အသတ်နဲ့ စတင်ပြေးဆွဲလာခဲ့ကြပါတယ်။ လေဆိပ်နဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေအတွက် ကျန်းမာရေးလမ်းညွှန်ချက်တွေကိုတော့ ထုတ်ပြန်ပေးထားပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းတွေ ပြေးဆွဲနိုင်ပြီးနောက်ပိုင်းမှာတော့ နိုင်ငံတချို့မှာ အကန့်အသတ်ထားပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပြေးဆွဲနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်လာကြပါတယ်။ ဗီယက်နမ်လေကြောင်းလိုင်းတွေကတော့ အာရှဒေသတွေကို ဦးစားပေးပြေးဆွဲသွားဖို့ စီစဉ်ထားပါတယ်။
Ref: ttrweekly
You may also like these stories:
အီဖယ်လ်မျှော်စင်ကို ခရီးသွားများ လည်ပတ်နိုင်တော့မည်
ဇွန် ၁၅ ကစပြီး ခရီးသွားများအား ဂျမေကာသို့ လာရောက်ခွင့်ပြုမည်
ဗီယက်နမ်က Phu Quoc ကျွန်းကို မကြာခင် ပြန်ဖွင့်မည်