ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်းဟာ အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းတခုပါ။ ကိုဗစ် ကာလအတွင်း ထိုင်းကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားအရေအတွက် ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းအပါအဝင် တခြားစီးပွားရေးတွေလည်း ကျဆင်းခဲ့ရပါတယ်။
မကြာခင်အချိန်အတွင်းမှာတော့ ထိုင်းနိုင်ငံအနေနဲ့ ၁ ရက်ကို နိုင်ငံခြားခရီးသွား ၁၀၀၀ လက်ခံမယ်လို့ သိရပါတယ်။ ထိုင်းကို လာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေကို ၁၄ ရက် Quarantine ဝင်ခိုင်းမယ့် စည်းမျဉ်းကိုလည်း ဖယ်ရှားခဲ့ပါတယ်။
လောလောဆယ် လက်ခံမယ့် နိုင်ငံခြားသား ခရီးသွားတွေကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူလိုတဲ့လူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်လာနိုင်သလို ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအစီအစဉ်တွေ အောင်မြင်လာခဲ့ရင်တော့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်လိုတဲ့ ဘယ်ခရီးသွားကိုမဆို လက်ခံသွားဖို့ ထိုင်းအစိုးရအနေနဲ့ စီစဉ်နေပါတယ်။
ထိုင်းနိုင်ငံက ထွက်သွားမယ့် ခရီးသွားတွေအပါအဝင် ဝင်ရောက်လာမယ့် ခရီးသွားတွေကိုလည်း COVID-19 ရောဂါနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေ ပြုလုပ်သွားမယ်လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Traisuree Taisaranakul က ပြောပါတယ်။
နိုင်ငံခြားသား ခရီးသွားတွေကို လာရောက်ခွင့် ပြုလိုက်တယ်ဆိုပေမယ့် ထိုင်းနိုင်ငံကို လွတ်လွတ်လပ်လပ် လာရောက် လည်ပတ်လို့ရပြီလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ တချို့နိုင်ငံတွေကိုတော့ ဆက်လက် တားမြစ်ထားဆဲဖြစ်တယ်လို့ သူမက ပြောပါတယ်။
နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ပြုမယ့် အစီအစဉ်အသေးစိတ်ကိုတော့ ထိုင်းနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ပူးပေါင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ကိုဗစ်ကာလအတွင်း ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ရပါ တယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနက နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ လုံခြုံစွာ လာရောက် လည်ပတ်နိုင်ဖို့ ပထမခြေလှမ်းကို စတင်လိုက်ခြင်းဖြစ်တယ်လို့ Traisuree Taisaranakul က ပြောပါတယ်။
နိုင်ငံရပ်ခြားက ပြန်လာတဲ့ ထိုင်းလူမျိုးတွေကိုတော့ ၁၄ ရက် Quarantine ဝင်ခိုင်းပြီး နိုင်ငံခြားသားတွေကိုတော့ ၁၄ ရက် Quarantine မဝင်ခိုင်းတဲ့အတွက် ထိုင်းလူမျိုးတွေကတော့ အစိုးရရဲ့ပေါ်လစီကို ဝေဖန်နေကြပါတယ်။
နိုင်ငံခြားသားခရီးသွားတွေ ထိုင်းနိုင်ငံတွင်း ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ သဘောထားကို စစ်တမ်းကောက်ယူရာမှာ ၅၄ ဒဿမ ၃၉ ရာခိုင်နှုန်းက သဘော မတူဘဲ ၂၄ ဒဿမ ၂၈ ရာခိုင်နှုန်းကတော့ ကျဆင်းသွားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ဖာထေးနိုင်ဖို့အတွက် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုကို သဘောတူကြပါတယ်။
စစ်တမ်းဖြေဆိုသူ အများစုက ပြည်တွင်းခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်လေ့ရှိတဲ့ အထင်ကရနေရာတွေကိုလည်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်သင့်တယ်လို့ သုံးသပ်နေကြပါတယ်။
Ref: Bangkokpost
You may also like these stories:
ကမ္ဘာမှာ လေယာဉ်ကွင်း မရှိတဲ့ နိုင်ငံများ
ဗီယက်နမ် လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းရန် စီစဉ်