ထိုင်းပြည်တွင်း ခရီးသွားလုပ်ငန်းတွေကို စတင်ပြီးတဲ့နောက် ဖူးခက်က အပန်းဖြေစရာ နေရာတွေကို ပြည်တွင်း ခရီးသွားတွေအတွက် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်ခဲ့တဲ့အတွက်ကြောင့် တင်းကျပ်တဲ့ ကန့်သတ်မှုတွေကို ပြုလုပ်ခဲ့ရပါတယ်။
ဖူးခက်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂ လကျော်ကြာတဲ့အထိ ပိတ်ထားပြီးနောက် ပြီးခဲ့တဲ့ စနေနေ့မှာ ပြန်ဖွင့်လှစ်ခဲ့တယ်လို့ ထိုင်းလေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်း လေကြောင်းအာဏာပိုင် အဖွဲ့အစည်းအနေနဲ့ ဖူးခက် လေဆိပ်ကို မေလ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်ကြောင့် အဆင်မပြေဖြစ်ခဲ့ပါတယ်။
ထိုင်းမှာ ဘန်ကောက်ပြီးရင် ဖူးခက်က ကိုဗစ် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အရေးပေါ်ကြေညာချက်အရ ဖူးခက် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်တွင်းလေကြောင်းလိုင်းတွေကိုသာ ဆင်းသက်ခွင့်ပြုဦးမှာ ဖြစ်ပြီး နိုင်ငံတကာလေကြောင်းလိုင်းတွေကိုတော့ ဆက်ပြီး ကန့်သတ်ထားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှု မရှိခဲ့တာ ရက်ပေါင်း ၂၀ ကျော်လာခဲ့ပြီး ပြည်ပက ပြန်လာသူတွေမှာသာ ရောဂါတွေ့ရှိခဲ့ပါတယ်။ ရောဂါတွေ့ရှိသူတွေ အားလုံးဟာ Quarantine ဝင်နေရသူတွေ ဖြစ်သလို ရောဂါ ကူးစက်လူနာသစ် အများစုဟာ အိန္ဒိယက ပြန်လာကြသူတွေ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ထိုင်းနိုင်ငံမှာ ကူးစက်လူနာသစ် ထပ်မတွေ့ခဲ့ပါဘူး။ ဒါကြောင့်လည်း အစိုးရပြောခွင့်ရ ပုဂ္ဂိုလ် Taweesin Visanuyothin က အာရှနိုင်ငံတွေထဲမှာဆိုရင် ထိုင်းနိုင်ငံကလည်း ကိုဗစ် ကူးစက်သူ အရေအတွက် ကျဆင်းလာတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဇွန်လ ၁၅ ရက်နေ့မှာ ညမထွက်ရအမိန့်ကို ပြန်ရုတ်သိမ်းခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေ အပါအဝင် စာသင်ကျောင်းတွေကို ပြန် ဖွင့်လှစ်ခဲ့ပါတယ်။ ကန့်သတ်မှုတွေ လျှော့ချခဲ့ပြီး စီးပွားရေးလုပ်ငန်းအများစုကို ပုံမှန်လည်ပတ်ခွင့် ပြုလိုက်ပေမယ့် ပြည်တွင်းခရီးသွား လုပ်ငန်းတွေမှာတော့ ကန့်သတ်မှုတွေ ရှိနေတုန်းပါပဲ။
ပြည်တွင်းခရီးသွား လုပ်ငန်းတွေကနေ ရရှိတဲ့ဝင်ငွေ နည်းပါးနေသေးတဲ့အတွက်ကြောင့်လည်း ဟိုတယ်အများစုအနေနဲ့ ပြန်ဖွင့်ရမှာ တွန့်ဆုတ်နေကြပါတယ်။ ဖူးခက်ခရီးသွားလုပ်ငန်းကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်သူ Sarayut Mallum ကလည်း ဖူးခက်မှာရှိတဲ့ ဟိုတယ်အများစုကို ခရီးသွား လာရောက်မှု နည်းပါးနေသေးတဲ့အတွက် ဟိုတယ်တွေ ပြန်ဖွင့်ဖို့ တွန့်ဆုတ်နေကြတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံနေရသူပေါင်း ၃,၁၃၅ ယောက် ရှိနေပြီး ၅၈ ဦး သေဆုံးခဲ့ပါတယ်။ ပြန်လည် ကျန်းမာလာသူအရေအတွက်ကတော့ ၂,၉၈၇ ယောက် ရှိခဲ့ပါတယ်။
Ref: news.cgtn
You may also like these stories:
နိုင်ငံ ၄ နိုင်ငံအား အင်ဒိုနီးရှားသို့ ပြည်ဝင်ခွင့်ပြုမည်
ထိုင်းကို နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်ခွင့်ပြုတော့မည်
ကမ္ဘာမှာ လေယာဉ်ကွင်း မရှိတဲ့ နိုင်ငံများ