ဂျပန်နိုင်ငံအနေနဲ့ ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျအောင် ထိန်းချုပ်လာနိုင်တဲ့ ဗီယက်နမ်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့်ပေးဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်။
ဗီယက်နမ်နိုင်ငံမှာ COVID-19 ရောဂါကို ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့အတွက် ဇူလိုင်လကစပြီး ဂျပန်လေကြောင်းလိုင်းတွေ အကန့်အသတ်နဲ့ ဗီယက်နမ်နိုင်ငံကို ပျံသန်းတော့မယ်လို့ Kyodo သတင်းဌာနမှာ ဖော်ပြထားပါတယ်။
စင်းလုံးငှားလေယာဉ် တစီးမှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင် အယောက်၂၅၀ လိုက်ပါဖို့ သတ်မှတ်ထားပြီး ဗီယက်နမ်ကို ရောက်တဲ့အခါ Quarantine ၁၄ ရက် ဝင်စရာလည်း မလိုတော့ပါဘူး။ ဗီယက်နမ်နိုင်ငံကနေ ဂျပန်ကို ပြန်လာတဲ့အခါမှာလည်း ကိုဗစ်ရောဂါ Negative လက္ခဏာ ပြမှသာ ပြန်လာရမယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ မတ်လနှောင်းပိုင်းကစတင်ပြီး နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုကို ယာယီရပ်ဆိုင်းထားခဲ့ပါတယ်။ ဧပြီလနှောင်းပိုင်းမှာတော့ ဂျပန်နိုင်ငံကို ဝင်ရောက်ခွင့် ကန့်သတ်လိုက်တဲ့ နိုင်ငံတွေရဲ့စာရင်းမှာ ဗီယက်နမ်နိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ကိုဗစ်ရောဂါကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်တဲ့အတွက် အဆိုပါ ၄ နိုင်ငံက ခရီးသွားတွေကို လူဦးရေ ကန့်သတ်ချက်နဲ့ ပြန်လည် ဝင်ရောက်ခွင့်ပြုပါတော့မယ်။ ပြည်တွင်းဝင်ရောက်ခွင့် ပြုလိုက်တဲ့အချိန်မှာတော့ ခရီးသွားတွေအနေနဲ့ သွားရောက်မယ့် နေရာတွေနဲ့ တည်းခိုမယ့် ဟိုတယ် စာရင်းကို ကြိုတင်ပေးထားဖို့ လိုအပ်ပါတယ်။
ကိုဗစ်ကာလအတွင်း ကျဆင်းသွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဦးစားပေး ဝင်ထွက်ခွင့်ပြုမှာဖြစ်သလို ကျောင်းသားတွေကိုလည်း ဝင်ထွက်ခွင့်ပြုမှာဖြစ်ပြီး နောက်ပိုင်းမှသာ လာရောက်လည်ပတ်လိုတဲ့ ခရီးသွားတွေကို ခွင့်ပြုသွားမယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုကိုတော့ ပြည်ဝင်ခွင့် ကန့်သတ်ထားဆဲ ဖြစ်ပြီး နောက်ပိုင်းအခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
ကိုဗစ် ကာလအတွင်း ဂျပန်နိုင်ငံမှာ လူပေါင်း ၁၇,၅၈၇ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး ၉၂၇ ယောက် သေဆုံးခဲ့ပါတယ်။ ကူးစက်ခံရသူတွေအနက် လူပေါင်း ၁၅,၇၀၁ ယောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ပြည်ဝင်ခွင့် ပြန်လည်ခွင့်ပြုဖို့ နိုင်ငံ ၄ နိုင်ငံ သတ်မှတ်ထားတဲ့အနက် ဗီယက်နမ်နိုင်ငံကို ဦးစီးပေး ရွေးချယ်ထားပါတယ်။
Ref: Bangkokpost
You may also like these stories:
နယူးဇီလန်မှာ COVID-19 ရောဂါ ကင်းရှင်းသွားပြီ
Amsterdam ကို လည်ပတ်မယ့် ခရီးသွားအရေအတွက် ထိန်းချုပ်စေချင်တဲ့ မြို့ခံလူထု
မလေးရှားမှာ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်
ကိုရိုနာကြောင့် ကမ္ဘောဒီးယားမှာ နိုင်ငံ ၅ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်