လောကရဲ့နိဗ္ဗာဘုံလို့တောင် တင်စားကြတဲ့ မော်လ်ဒိုက်ကျွန်းကို သွားရောက်ခွင့်ပြန်လည်ရတော့မှာဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်ကစလို့ နိုင်ငံတွင်း ဝင်ရောက်ခွင့် ကန့်သတ်ထားတာတွေကို ဖြေလျော့ပေးလိုက်ပြီလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လာရောက်မယ့်သူတွေဟာ ကျန်းမာရေးဆိုင်ရာအချက်အလက်နဲ့ စစ်ဆေးမှုတွေ ခံယူရမှာ ဖြစ်ပါတယ်။
မတ်လအကုန်ပိုင်းကနေ စတင်ပိတ်ပင်ထားတဲ့ Lockdown ကာလအပြီးမှာ အဓိကဝင်ငွေရတဲ့ ခရီးသွားလာရေး လုပ်ငန်း တွေကို ဇူလိုင် ၁၂ ရက်နေ့မှာ ပြန်ဖွင့်ပေးတော့မှာပါ။ ဇွန်လအစောပိုင်းမှာပဲ ခရီးသွားဝန်ကြီးဌာန ကြေညာခဲ့သလို လိုအပ်တဲ့ အစီအမံတွေလုပ်ဆောင်ပြီးတာနဲ့ အစိုးရက ကန့်သတ်ချက်တွေကို ဖြေလျော့ပေးမယ်လို့ ဆိုပါတယ်။
မော်လ်ဒိုက်ကို လာမယ့်နိုင်ငံတကာခရီးသွား ဧည့်သည်တွေကိုလည်း အပိုထပ်ဆောင်းကြေးပေးစရာမလိုဘဲ ကန့်သတ်ချက်မရှိ ပြန်လည်ဝင်ရောက်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။ လတ်တလော ကျွန်းပေါ်မှာပိတ်ထားတဲ့ ဧည့်ဆောင် တွေကိုလည်း အစိုးရရဲ့ ထုတ်ပြန်ချက်အပြီးမှာ တဖြည်းဖြည်းပြန်ဖွင့်သွားဖို့ရှိပါတယ်။
အရင်လက ကြေညာချက်မှာတော့ နိုင်ငံတွင်း ဝင်ရောက်လာမယ့်သူတွေဟာ မော်လ်ဒိုက်ကို မဝင်ရောက်ခင် ၇၂ နာရီအတွင်း COVID-19 ကင်းစင်ကြောင်း စမ်းသပ်ချက် လိုအပ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလအစောပိုင်း ကြေညာချက်မှာတော့ ခရီးသွားဧည့်သည်တွေအတွက် ၁၄ ရက်စောင့်ကြည့်ကာလ Quarantine ဝင်စရာမလိုတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ရောက်လာသူအားလုံးဟာ လေဆိပ်မှာ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို ဖြည့်သွင်း ရမှာ ဖြစ်သလို၊ အပူချိန်တိုင်းစစ်ဆေးတာမျိုးတွေ လုပ်ဆောင်ရမယ်လို့ ကြေညာထားပါတယ်။
လေကြောင်းဌာနက ဇွန် ၁၄ ရက်မှာ လာရောက်မယ့်ခရီးသွားဧည့်သည်တွေဟာ လေဆိပ်အပါအဝင် အများပြည်သူ သွားလာရာနေရာတွေမှာ တယောက်နဲ့တယောက် ၁ မီတာအကွာနေပေးဖို့နဲ့ နှာခေါင်းစီး Mask တပ်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မော်လ်ဒိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ထောင်နီးပါးရှိပြီး သေဆုံးသူ ၅ ဦးရှိပါတယ်။ ပထမဆုံး ကူး စက်ခံရသူ စတင်တွေ့ရှိထဲက ခရီးသွားတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ကန့်သတ်လိုက်တာပါ။ နိုင်ငံထဲမှာ ကျန်နေသူ တွေထဲက သီးသန့်ခွဲနေချင်သူတွေအတွက် အပန်းဖြေနေရာပေါင်း ၃၀ လောက်ကိုတော့ ဖွင့်ပေးထားခဲ့ရပါတယ်။
မူလက အကျော်ကြားဆုံး ပျားရည်ဆမ်းနေရာတခုဖြစ်တဲ့ မော်လ်ဒိုက်နိုင်ငံဆီ ခရီးသွားဧည့်သည်တွေကို နှစ် ကုန်ပိုင်းမှ ပြန်လည်လက်ခံဖို့စဉ်းစားထားပေမယ့် အခြေအနေကောင်းမွန်လာတာကြောင့် ဇူလိုင်လလယ်ကို အချိန်စောပြီး ပြန်ဖွင့်ပေးတော့မှာဖြစ်ပါတယ်။
Ref: TTRWeekly
You may also like these stories:
နိုင်ငံအချို့ကို ထိုင်ဝမ်သို့ လာရောက်ခွင့်ပြုတော့မည်
နိုင်ငံ ၄ နိုင်ငံအား ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့်ပြုမည်
ထိုင်းပြည်သူများ ကိုဗစ် ဒုတိယလှိုင်းဖြစ်မှာ စိုးရိမ်နေ