ဇူလိုင် ၇ ရက်နေ့ကစပြီး နိုင်ငံတကာခရီးသွားတွေကို ဒူဘိုင်းက ပြန်လက်ခံတော့မယ်လို့ သိရပါတယ်။ ကိုဗစ်ကာလအတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကို Lockdown ချထားတဲ့အတွက် နိုင်ငံတကာခရီးသွားတွေအနေနဲ့ သွားရောက် လည်ပတ်ခွင့် မရခဲ့ကြပါဘူး။
လက်ရှိအချိန်မှာတော့ UAE နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်တော့မှာဖြစ်သလို ခရီးသွားတွေနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကိုလည်း ပြန်ဖြေလျှော့ပေးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ဒူဘိုင်းကို မကြာခင်အချိန်အတွင်း လည်ပတ်ခွင့် ရရှိပါတော့မယ်။
ကိုဗစ်ကာလအတွင်း UAE နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၄၅,၃၀၃ ယောက်ရှိခဲ့ပြီး ရောဂါ ပြန်လည် သက်သာသူ ၃၃,၀၄၆ ယောက် ရှိခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်ကတော့ ၃၀၃ ယောက်အထိ ရှိခဲ့ပါတယ်။
ဒါကြောင့်လည်း ဒူဘိုင်းကို လာရောက်ကြမယ့် နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ COVID-19 ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာ လိုအပ်ပါတယ်။ ကျန်းမာရေး ထောက်ခံစာ မပြနိုင်သူတွေကတော့ ဒူဘိုင်းကို လာရောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။
ခရီးသွားတွေအနေနဲ့ ဒူဘိုင်းလေဆိပ်မှာ ကိုဗစ် စမ်းသပ် စစ်ဆေးမှု ခံယူရမယ်လို့ ဒူဘိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒူဘိုင်းကနေ နိုင်ငံရပ်ခြား သွားရောက်လိုသူတွေကိုလည်း ဇွန်လ ၂၃ ရက်နေ့ကစပြီး သွားရောက်ခွင့်ပြုမယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
COVID-19 ကပ်ရောဂါ စတင် ဖြစ်ပွားကတည်းက နိုင်ငံတကာလေကြောင်းလိုင်းတွေကို ယာယီ ရပ်ထားခဲ့ရပါတယ်။ ဒါကြောင့်လည်း ထောင်ပေါင်းများစွာသော ခရီးသွားတွေဟာ ဒူဘိုင်းကနေ ပြန်လည် ထွက်ခွာနိုင်ခြင်း မရှိခဲ့ပါဘူး။ အာဏာပိုင်တွေရဲ့ ကြေညာချက်အသစ်အရ ဒူဘိုင်းမှာရှိနေတဲ့ နိုင်ငံတကာခရီးသွားတွေကို မကြာခင်အချိန်အတွင်း ခရီးသွားခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
ကိုဗစ် ကပ်ရောဂါဆိုးကြီးရဲ့အန္တရာယ်ကို ကာကွယ်နိုင်ဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အနေနဲ့ နိုင်ငံတကာခရီးသွားတွေကို ပြည်တွင်းဝင်ရောက်ခွင့် မပြုခဲ့တာ ၂ လကျော်သွားခဲ့ပါပြီ။ နိုင်ငံ အများစုမှာလည်း ကိုဗစ်ကြောင့် ပြည်ဝင်ခွင့်တွေကို ယာယီရပ်ဆိုင်းထားခဲ့ပေမယ့် လက်ရှိအချိန်မှာ တော့ ပြည်ဝင်ခွင့် ပြန်လည် ခွင့်ပြုနေပါပြီ။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ UAE အာဏာပိုင်တွေအနေနဲ့ ကန့်သတ်ချက်တွေကို ပြန်လည်ဖြေလျှော့ပေးခဲ့ပြီး ပြည်တွင်းလေကြောင်းလိုင်းတွေကို ပြန်လည် ပြေးဆွဲခွင့် ပြုခဲ့ပါတယ်။ ဈေးဝယ်စင်တာကြီးတွေကို ပြန်ဖွင့်ခွင့် ပြုခဲ့သလို စီးပွားရေးလုပ်ငန်းတွေကိုလည်း ပုံမှန် လည်ပတ်ခွင့် ပြုခဲ့ပါတယ်။
Ref: breakingtravelnews