ဇူလိုင် ၁ ရက်နေ့ကစပြီး နိုင်ငံခြားခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုဖို့ အိုက်စလန်နိုင်ငံက ပြင်ဆင်နေပါတယ်။ အိုက်စလန် ခရီးသွား ကုမ္ပဏီတခုဖြစ်တဲ့ Arctic Adventures အနေနဲ့ အိုက်စလန်နိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားခရီးသည်တွေ မဖြစ်မနေ စမ်းသပ်ရမယ့် ရောဂါ စစ်ဆေးခကို အကုန်အကျခံပေးပြီး ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။
ဇူလိုင် ၁ ရက်နေ့မှာ နိုင်ငံခြားသားခရီးသွားတွေကို ပြည်ဝင်ခွင့်ပေးမှာဖြစ်ပြီး ကိုဗစ်ကာလဖြစ်နေတဲ့ အတွက် Quarantine ၁၄ ရက်နဲ့ ကိုဗစ် စစ်ဆေးမှုတွေကို ခံယူရမှာ ဖြစ်ပါတယ်။
အိုက်စလန်နိုင်ငံမှာ COVID-19 ရောဂါ စစ်ဆေးခအဖြစ် လူတယောက်ကို ၁၁၄ ဒေါ်လာ ကုန်ကျပါတယ်။ ခရီးသွားတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ရောဂါ စစ်ဆေးခကို Arctic Adventures ခရီးသွားကုမ္ပဏီက အကုန်အကျခံ ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါမှလည်း အိုက်စလန်ကို လာရောက်လိုတဲ့ ခရီးသွားအရေအတွက် ပိုမို များပြားလာပါမယ်။
Arctic Adventures ခရီးသွားကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ Styrmir Por Bragason ကလည်း နွေရာသီမှာ ရောက်ရှိလာမယ့် ကိုဗစ်ကာလ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ရောဂါ စစ်ဆေးခတွေ ဖယ်ရှားပေးသင့်တယ်လို့ ပြောပါတယ်။
အိုက်စလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေးနည်းပါးတဲ့ နိုင်ငံတနိုင်ငံပါ။ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၃ ရက် လူဦးရေစာရင်းအရ အိုက်စလန်နိုင်ငံမှာ ၃၄၁,၁၉၄ ယောက်သာ ရှိပါတယ်။ လူဦးရေ နည်းပါးတဲ့အတွက်ကြောင့်လည်း Social distancing ကို အလွယ်တကူ လိုက်နာနိုင်ခဲ့ကြပါတယ်။
လာရောက် ခရီးသွားတွေရဲ့ Iceland’s Rakning C-19 ဆိုတဲ့ Application ကနေ ကိုဗစ် ဓာတ်ခွဲအဖြေကို ၂၄ နာရီအတွင်း သိရှိနိုင်ပါတယ်။ ဓာတ်ခွဲအဖြေ ကောင်းမွန်ခဲ့တယ်ဆိုရင် အိုက်စလန်နိုင်ငံတွင်း လွတ်လွတ်လပ်လပ် လည်ပတ်လို့ ရပါပြီ။
အိုက်စလန် ခရီးသွား ကုမ္ပဏီတွေအနေနဲ့ ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်နိုင်ဖို့ ကြိုတင်ဆောင်ရွက်နေကြပါတယ်။ ဧည့်လမ်းညွှန်တွေကလည်း ခရီးသွား အုပ်စုငယ်လေးတွေ ဖန်တီးပေးမှာဖြစ်သလို ကားစီးတဲ့အခါမှာလည်း Social distancing ကို လိုက်နာနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။
အိုက်စလန်နိုင်ငံဟာ ကမ္ဘာမှာ COVID-19 ရောဂါ ကူးစက်မှုနှုန်း အနည်းဆုံး နိုင်ငံတနိုင်ငံပါ။ အိုက်စလန်မှာ လူပေါင်း ၁,၈၂၄ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး ၁,၈၀၆ ယောက် ကျန်းမာရေး ပြန်ကောင်းလာခဲ့ပါတယ်။ ကိုဗစ်ကြောင့် လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အိုက်စလန်ကျန်းမာရေးဘုတ်အဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ အိုက်စလန်နိုင်ငံသားတွေရဲ့ လူနေထိုင်ပုံစံက ပုံမှန် အခြေအနေကို ပြန်ရောက်ရှိလာခဲ့ပါတယ်။
အိုက်စလန်မှာ လူပေါင်း ၅၀၀ အထိ စုရုံးခွင့်ပြုထားပြီး Mask တပ်ဆင်စရာ မလိုတော့သလို Social distancing စည်းကမ်းကိုလည်း လိုက်နာစရာ မလိုအပ်တော့ပါဘူး။ မတ်လကစပြီး ခရီးသွားတွေအတွက် အထင်ကရ နေရာတွေကို ပိတ်ထားခဲ့ပေမယ့် အခုချိန်မှာတော့ ပြန်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
COVID-19 ရောဂါကို အိုက်စလန်နိုင်ငံအနေနဲ့ အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပြီး စမ်းသပ်မှုတွေကို လည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
Ref: travelandleisure
You may also like these stories:
ကိုဗစ်ကြောင့် အကြွေးနွံနစ်နေကြရတဲ့ အိမ်ရှင်မများ
စီးပွားရေးလုပ်ငန်းရှင်နဲ့ ဆေးကုသမယ့်သူတွေ ထိုင်းသို့ ဝင်ရောက်ခွင့်ပေး