ဇွန်လအစောပိုင်းမှာ ဗီယက်နမ်အစိုးရက ကိုဗစ် ကူးစက်မှုနှုန်း လျော့ကျနေတဲ့ နိုင်ငံအချို့ကို ပြည်ဝင် ခွင့်ပြုဖို့ စီစဉ်ထားခဲ့ပါတယ်။
ရက် ၃၀ ဆက်တိုက် ပြည်တွင်း ကူးစက်မှု မရှိတဲ့ နိုင်ငံတွေကို ဗီယက်နမ်နိုင်ငံတွင်း ပြည်ဝင်ခွင့်ပေးပြီး နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပြန်လည် ပြေးဆွဲမယ်လို့ အစိုးရရဲ့တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေနဲ့ လေကြောင်းခရီးစဉ် ပျံသန်းမှုတွေကို ဆွေးနွေးခဲ့ပါတယ်။
ဇွန်လ ၂၅ ရက်နေ့မှာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က ကိုဗစ်ဒုတိယလှိုင်း ကူးစက်နေတဲ့အတွက် နိုင်ငံခြားသားတွေကို အဆောတလျင် ပြည်ဝင်ခွင့်ပြုတာမျိုး ဆောင်ရွက်ဦးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အရ နိုင်ငံခြားသားခရီးသွားတွေ နဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ ဗီယက်နမ်နိုင်ငံတွင်း လာရောက်လို့ မရသေးသလို ပြည်တွင်းမှာ ရှိနေတဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အနီးကပ် လေ့လာ စောင့်ကြည့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဗီယက်နမ်နိုင်ငံသားတွေကိုလည်း အနီးကပ် စောင့်ကြည့်သွားပါမယ်။
နိုင်ငံခြားသားတွေကို အဆောတလျင် ပြည်ဝင်ခွင့်ပေးတာမျိုး ပြုလုပ်မှာ မဟုတ်သေးသလို ပြည်တွင်းဝင်ရောက်ခွင့်ပြုထားသူတွေအနေနဲ့ မဖြစ်မနေ Quarantine ဝင်ရမယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ်က ပြောပါတယ်။
ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ဇွန်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၃၅၂ ယောက် ရှိပြီး ၃၂၉ ယောက်ကတော့ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာတဲ့အတွက် ဆေးရုံကနေ ဆင်းသွားခဲ့ပါပြီ။ ဗီယက်နမ်နိုင်ငံမှာ နောက်ဆုံး တွေ့ ရှိခဲ့တဲ့ ကိုဗစ် ကူးစက်လူနာတွေဟာ ကူဝိတ်နိုင်ငံက ပြန်လာတဲ့ ဗီယက်နမ်နိုင်ငံသားတွေလို့ သိရပါတယ်။
ဇွန်လအတွင်း တရုတ်နိုင်ငံက ကျွမ်းကျင်လုပ်သား ၁၀၀၀ နီးပါး ဗီယက်နမ် စက်မှုဇုန်တွေမှာ အလုပ်လုပ်ကိုင်ဖို့ အထူးရထားနဲ့ ဗီယက်နမ်နိုင်ငံကို လာရောက်ခဲ့ပါတယ်။
ဒေသခံအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဗီယက်နမ်နိုင်ငံက နိုက်ကလပ်နဲ့ ကာရာအိုကေရုံတွေကို ပြန် လည်ဖွင့်လှစ်ဖို့ ဝန်ကြီးချုပ်က ခွင့်ပြုခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့မှာတော့ ဟိုချီမင်းမြို့ အာဏာပိုင်တွေက ကန့်သတ်မှုကို လျှော့ချပေးခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းခွင်မှာ လိုက်နာရမယ့်စည်းကမ်းချက်တွေကိုလည်း ညွှန်ကြားထားပါတယ်။
ဇွန်လ ၇ ရက်နေ့မှာတော့ ဗီယက်နမ်အစိုးရရဲ့ အထူးခွင့်ပြုချက်နဲ့ တောင်ကိုရီးယားကျောင်းသား ၂၀၀ နီးပါး ဗီယက်နမ်နိုင်ငံကို လာရောက်ခဲ့ပါတယ်။
Ref: Vietnaminsider.vn, Vietnam-briefing
You may also like these stories:
အချိန် ၁ လကျော်ကြာ COVID-19 ကူးစက်သူ ထပ်မတွေ့တော့တဲ့ နိုင်ငံများ
ထိုင်းမှာ “ညမထွက်ရအမိန့်” ရုတ်သိမ်း
နိုင်ငံ ၄ နိုင်ငံအား ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့်ပြုမည်