ကိုဗစ်ကာလအတွင်း နိုင်ငံအများအပြားမှာ ခရီးသွားလာခွင့် ကန့်သတ်ချက် စည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းမှု ပိုမိုများပြားလာနေပါတယ်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ရဲ့ နောက်ဆုံး သုတေသန ရလဒ်အရ ကမ္ဘာတဝှမ်း ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ပြန်လည် ရုတ်သိမ်းပေးနေတာ ၂၂ ရာခိုင်နှုန်းအထိ ရှိနေပြီး ဥရောပနိုင်ငံတွေက ဦးဆောင်နေတာကို တွေ့ရပါတယ်။
ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ပြန်ရုတ်သိမ်းပေးနေပေမယ့် ကမ္ဘာတဝှမ်းရှိ နေရာအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းကတော့ သူတို့ နယ်နိမိတ်တွေကို နိုင်ငံတကာ ခရီးသွားလုပ်ငန်းအတွက် လုံးဝ ပိတ်ထားဆဲပါပဲ။
ကုလသမဂ္ဂရဲ့ ခရီးသွားလုပ်ငန်း အထူးအေဂျင်စီအနေနဲ့ ကိုဗစ်ကပ်ရောဂါဆိုး စတင် ကျရောက်စဉ်အချိန်ကတည်းက ခရီးသွားလုပ်ငန်းတွေရဲ့အခြေအနေကို စောင့်ကြည့် လေ့လာနေခဲ့ပါတယ်။ နောက်ဆုံး ထုတ်ပြန်ချက်အရ ကမ္ဘာတဝှမ်း ခရီးသွားလုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ပြန်လည် စတင်နေတယ်လို့ သိရပါတယ်။
ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (UNWTO) ရဲ့ အတွင်းရေးမှူးချုပ်ဖြစ်သူ Zurab Pololikashvili ကလည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ စီးပွားရေးနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
COVID-19 ကပ်ရောဂါကို ပြန်လည် တုန့်ပြန်နိုင်ဖို့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ပြန်လည်ဖြေလျှော့ပေးနေပေမယ့် ကပ်ရောဂါဟာ လုံးဝ ပြီးဆုံးသွားတာတော့ မဟုတ်သေးပါဘူး။
ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အနေနဲ့ မှန်ကန်တဲ့အချိန်မှာ ခရီးသွားလုပ်ငန်းတွေကို ပြန်စတင်နိုင်ဖို့ အဖွဲ့ ဝင်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို ရေရှည်တည်တံ့မယ့် ပြန်လည် ထူထောင်ရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ Mr.Zurab က ပြောပါတယ်။
ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်အရ ဇွန်လ ၁၅ ရက်နေ့အထိ ကမ္ဘာတဝှမ်းက ၄၈ နေရာ (၂၂ ရာခိုင်နှုန်း) မှာ ခရီးသွားလာ ခွင့်ကန့်သတ်ချက်တွေကို ပြန်လည် ရုတ်သိမ်းပေးခဲ့ပြီး ၃၇ နေရာက ဥရောပက ဖြစ်တယ်လို့ သိရပါတယ်။ ၆ နေရာက အမေရိကန်ဖြစ်ပြီး ၅ နေရာကတော့ ဖွံ့ ဖြိုးဆဲကျွန်းငယ်လေးတွေက ဖြစ်ပါတယ်။
Ref: breakingtravelnews
You may also like these stories:
ကိုဗစ် ဒုတိယလှိုင်းကြောင့် နိုင်ငံခြားသားများအား ဗီယက်နမ်သို့ ဝင်ခွင့်မပြုသေး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ကြီး ၁၃ မြို့မှ လူ ၃၅ သန်းကို ခရီးသွားခွင့် ပိတ်ထားရ
ဖူးခက် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်ဖွင့်ပြီ