ထိုင်းအစိုးရအနေနဲ့ ကိုဗစ်ကာလအတွင်းက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ပြန်လည် ရုတ်သိမ်းပေးနေပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁ ရက်နေ့ကစပြီး နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန်လည် ပြေးဆွဲသွားမယ်လို့ ထိုင်းလေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေကို လိုက်နာရမှာဖြစ်သလို ကျန်းမာရေးဆိုင်ရာ ဥပဒေကိုလည်း လိုက်နာရမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ထိုင်းအစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေကို ပြည်ဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန်လည် ပြေးဆွဲမယ့် အစီအစဉ်ကို စတင်ခဲ့ပါတယ်။
ဧပြီလကတည်းက ထိုင်းနိုင်ငံမှာ နိုင်ငံတကာလေကြောင်းလိုင်း ပြေးဆွဲမှုကို ယာယီ ကန့်သတ်ထားခဲ့ပေမယ့် မေလမှာတော့ လေယာဉ် ခရီးစဉ်တချို့ကို ပြန်လည် ပြေးဆွဲခွင့် ပြုခဲ့ပါတယ်။
လေကြောင်းသယ်ယူပို့ဆောင်ရေး ဦးစီးဌာနရဲ့ပြောကြားချက်အရ ၂၀၂၀ နှစ်စကတည်းက ထိုင်းနိုင်ငံလေဆိပ် ၂၈ ခုကို လာရောက်တဲ့ ခရီးသွားအရေအတွက် နည်းပါးခဲ့ပြီး ၅ သန်းတောင် မရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ၉ ဒဿမ ၃ သန်း ရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း လေကြောင်းခရီးစဉ်ပေါင်း ၃၅,၈၀၀ ရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ၄၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၁၈,၇၀၀ သာ ရှိခဲ့ပါတယ်။ အများစုကတော့ ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေပါ။
Lockdown ရုတ်သိမ်းပြီး နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို တဖြည်းဖြည်းချင်း စတင်ခဲ့ပါတယ်။ ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို နေ့စဉ်အသုံးပြုနေသူ ပျမ်းမျှ ၁၄,၀၀၀ ရှိပါတယ်။
ထိုင်းလေကြောင်း အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့အညီ လေယာဉ်ပျံသန်းခြင်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ဆင်းသက်ခွင့်ပြုထားတဲ့ လေယာဉ်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
နိုင်ငံတော် (သို့မဟုတ်) တပ်မတော်လေယာဉ်၊ အရေးပေါ်လေယာဉ်၊ ကယ်ဆယ်ရေးလေယာဉ်၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ဆေးဘက်ဆိုင်ရာလေယာဉ်၊ ပစ္စည်းတင်လေယာဉ်တွေပဲ ဖြစ်ကြပါတယ်။
ခရီးသွားတွေအနေနဲ့ ထိုင်းလေကြောင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ရယူဖို့တော့ လိုပါတယ်။ ထိုင်းနိုင်ငံသားတယောက်ရဲ့ ပြည်ပရောက် မိသားစုဝင်တွေနဲ့ ထိုင်းနိုင်ငံသား မဟုတ်ပေမယ့် ခိုင်မာတဲ့အထောက်အထား ကိုင်ဆောင်ထားသူတွေအနေနဲ့ ထိုင်းကို လာရောက်နိုင်မှာ ဖြစ်ပေမယ့် အခြေအနေပေါ် မူတည်ပြီး အချိန်ကန့်သတ်ချက် ရှိနိုင်ပါတယ်။
ထိုင်းနိုင်ငံသား မဟုတ်ပေမယ့် အလုပ်လုပ်ကိုင်ခွင့် ရထားကြောင်း ခိုင်မာတဲ့ အထောက်အထားပြနိုင်သူတွေကိုလည်း ထိုင်းနိုင်ငံအတွင်း အလုပ်ပြန်လုပ်ခွင့်ပြုလိုက်ပါတယ်။ ထိုင်းမှာ ပညာသင်ကြားမယ့် ကျောင်းသားတွေနဲ့ ပညာရေးနယ်ပယ်က လူတွေကိုလည်း ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ လက်ခံမှာဖြစ်ပြီး မိဘ (သို့မဟုတ်) ကျောင်းသားအုပ်ထိန်းသူကိုလည်း လက်ခံပါမယ်။
ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူလိုကြတဲ့ နိုင်ငံခြားသားတွေကိုလည်း ပြည်တွင်းဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပေမယ့် COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ကုသမှုမျိုးကိုတော့ လက်ခံမှာ မဟုတ်ပါဘူး။
Ref:Bangkokpost, khaosodenglish
You may also like these stories:
တစ္ဆေမြို့တော်လို ခြောက်ကပ်သွားတဲ့ ဘန်ကောက်မြို့