ကျူးဘားနိုင်ငံက ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ဖို့အတွက် နိုင်ငံတွင်း ဧည့်သည်ဝင်ရောက်မှု ခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။ အနားယူမယ့်နေရာကိုပါ ဒေသခံတွေနဲ့ သီးခြားထားရှိမှာဖြစ်ပြီး သတ်မှတ်ထားတဲ့နေရာ တွေကိုပဲ လည်ပတ်ခွင့်ရဦးမှာဖြစ်ပါတယ်။
နိုင်ငံတကာခရီးဧည့်သည်တွေကို ကျူးဘားက Cayo Largo, Cayo Coco, Cayo Guillermo, Cayo Santa Marίa နဲ့ Cuban Keys စတဲ့ ကျွန်း ၅ ကျွန်းမှာပဲ ခွင့်ပြုထားမှာပါ။ ဧည့်သည်တွေ သွားမယ့်နေရာကို Charter flight တွေနဲ့ ပို့ပေးမှာဖြစ်ပြီး ရောက်တာနဲ့ COVID-19 စစ်ဆေးခံရမှာပါ။
လည်ပတ်မယ့်သူတွေအနေနဲ့ COVID-19 ဆေးစစ်ထားပြီး Negative ပြမှသာ တည်းခိုးရမယ့် နေရာတွေကို ပို့ပေးမှာဖြစ်ပါတယ်။ Positive ပြခဲ့ရင်တော့ အဆိုပါနေရာမှာပဲ သီးခြားနေထိုင် ကုသရမှာပါ။ အပန်းဖြေနေရာတွေမှာ အလုပ်လုပ်ကိုင်မယ့် ဟိုတယ်ဝန်ထမ်းတွေလည်း တပတ်ခြားစီ အလှည့်ကျ လုပ်ငန်းခွင်ဝင်ရမယ့်အပြင် အလုပ်လုပ်နေစဉ်အတွင်း သီးခြားစီခွဲထွက် နေထိုင်ရမှာ ဖြစ်ပါတယ်။
မြို့တော် ဟာဗားနားမှာရှိတဲ့ အမေရိကန်သံရုံးက ထုတ်ပြန်ချက်အရ ကျူးဘားနိုင်ငံဟာ လေဆိပ်တွေကို သြဂုတ် ၁ရက်နေ့ထိ ပိတ်ထားဦးမယ်လို့ ဆိုပါတယ်။ ဒေသတွင်းခရီးသွားလုပ်ငန်းတွေကတော့ သြဂုတ်လ ကစပြီး Booking တွေ စတင်လက်ခံတော့မယ်လို့ ကြေညာထားပါတယ်။ လက်ရှိမှာတော့ ပြည်တွင်း ခရီးသွား တွေကို အပန်းဖြေနေရာတွေဆီ သွားလည်ခွင့်ပိတ်ပင်ထားပါတယ်။
ခရီးသွားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လေ့လာမှုအသစ်တွေမှာ ရေကြောင်း၊ လေကြောင်းနဲ့ တည်းခိုနေ ထိုင်ရေး၊ ဖျော်ဖြေရေးလုပ်ငန်းတွေကနေ အများဆုံးကူးစက်ခံကြရတဲ့အပြင် အဆိုပါလုပ်ငန်းတွေမှာ ဝန်ဆောင် မှုပေးတဲ့သူတွေပါ ကူးစက်ခံရတယ်လို့ ဖော်ပြထားပါတယ်။
တခြားကာရေဘီယံကျွန်းနိုင်ငံတွေမှာ ဇူလိုင်အတွင်း ခရီးသွားလုပ်ငန်းပြန်လည်ဖွင့်လှစ်နေကြပြီး ကျူးဘားနိုင်ငံလို နိုင်ငံတကာခရီးသွားတွေနဲ့ ဒေသခံတွေကို သီးခြားခွဲထုတ်ထားတာမျိုး မရှိဘူးလို့ဆိုပါတယ်။ ကျူးဘား နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂,၃၄၁ ယောက်ရှိပြီး ၈၆ ယောက်သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္က သိုလ်က ထုတ်ပြန်ချက်အရ သိရပါတယ်။
COVID-19 နဲ့ပတ်သက်လို့ ကျူးဘားနိုင်ငံအစိုးရနဲ့ နိုင်ငံပိုင်မီဒီယာတွေကဖော်ပြချက်ကိုပဲ သိရှိရပြီး နိုင်ငံခြား သတင်းထောက်တွေကိုယ်တိုင် ခွင့်ပြုချက်မရှိဘဲ ဆေးရုံနဲ့ နာရေးအခမ်းအနားတွေထိသွားရောက် သတင်းယူ ခွင့် မပြုထားတာကြောင့် တရားဝင်ထုတ်ပြန်ချက်ကို မှီငြမ်းကြရပါတယ်။
Ref: Travel Leisure