ပြီးခဲ့တဲ့ရက်ပိုင်းလောက်က တရုတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အတွင်းမွန်ဂိုလီးယားမှာ ပလိပ်ရောဂါ ကူးစက်ခံထားရတဲ့ လူနာတယောက် တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အာဏာပိုင်တွေအနေနဲ့ ခရီးသွားတွေ လာရောက် လည်ပတ်လေ့ရှိတဲ့ နေရာအများအပြားကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ပလိပ်ရောဂါ ကူးစက်ခံထားရသူဟာ ဘေဂျင်းမြို့အနောက်ပိုင်းက မြို့တော်ဖြစ်တဲ့ Bayannur မှာ နေ ထိုင်သူဖြစ်ပါတယ်။ ပလိပ်ရောဂါ ကူးစက်ခံထားရသူ တွေ့ရှိပြီးနောက်ပိုင်း အနီးအနားမှာရှိတဲ့ နေရာ ၅ နေရာကို တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ပြီး ခရီးသွားလာခွင့် ပိတ်ပင်လိုက်တယ်လို့ ဆင်ဟွာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဆင်ဟွာသတင်းဌာနရဲ့ဖော်ပြချက်အရ အတွင်းမွန်ဂိုလီးယား အာဏာပိုင်တွေအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို အစာမကျွေးဖို့၊ ရောဂါပိုးသယ်ဆောင်နိုင်တဲ့ ကြွက်တွေနဲ့ မထိမိဖို့ တင်းကျပ်တဲ့ စီမံခန့်ခွဲမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စနေနေ့မှာတော့ ပလိပ်ရောဂါ သံသယလူနာကို Bayannur မြို့မှာ တွေ့ရှိခဲ့တယ်လို့ ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။ ဒါကြောင့်လည်း ဆေးရုံအာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ အဆင့် ၄ ဆင့် ရှိတဲ့ သတိပေးမှု စနစ်အရ တတိယအမြင့်ဆုံးအဆင့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
အင်္ဂါနေ့မှာတော့ သံသယလူနာဟာ ပလိပ်ရောဂါ ကူးစက်ခံထားရတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ လူနာကို ဆေးရုံမှာ သီးခြားခွဲထားပြီး ဆေးကုသမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပလိပ်ရောဂါကြောင့် အလယ်ခေတ်လောက်က ဥရောပမှာ လူသန်း ၅၀ နီးပါး သေဆုံးခဲ့ဖူးပါတယ်။ ဘက်တီးရီးယားပိုးတမျိုးက သယ်ဆောင်လာတဲ့ အကျိတ်ပလိပ် ရောဂါဟာ လူ့သမိုင်းမှာ အဆိုးရွားဆုံး လူသေဆုံးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ပလိပ်ရောဂါဟာ အလျင်အမြန် ပျောက်ကွယ်သွားတတ်တဲ့ ရောဂါမျိုး မဟုတ်ပေမယ့် ပဋိဇီဝဆေးတွေ နဲ့ မြန်မြန်ဆန်ဆန် ကုသနိုင်ရင်တော့ လူသေဆုံးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်လည်း သိပ္ပံ ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက လူတွေအနေနဲ့ ထိတ်လန့်မနေကြဖို့ သတိပေး ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံရဲ့သတင်းစာတစောင်ဖြစ်တဲ့ China Daily ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ တရုတ်နဲ့ မွန်ဂိုလီးယား အာဏာပိုင်တွေ ပူးပေါင်းပြီး ဒီရောဂါရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။
လူလူချင်း ကူးစက်မှုကို လျှော့ချနိုင်ဖို့ အမဲလိုက်ထွက်တာ၊ ကူးစက်နိုင်တဲ့ တိရစ္ဆာန်တွေကို စားသောက်တာမျိုး ရှောင်ရှားဖို့ ကျန်းမာရေးအာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ အခုလိုပလိပ်ရောဂါ ကူးစက် လူနာကြောင့် မွန်ဂိုလီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရုရှားနိုင်ငံကလည်း ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Ref: CNN
You may also like these stories:
နိုင်ငံတကာခရီးသွားများ ဒူဘိုင်းသို့ မကြာခင် လည်ပတ်နိုင်တော့မည်
ထိုင်းမှာ တရက်ကို Mask ၄ သန်းကျော် ထုတ်