အီဂျစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေကြောင့် ၃ လကြာ ပိတ်ပင်ထားတဲ့ နိုင်ငံတကာလေဆိပ်နဲ့ ပရိမစ်တွေလို အဓိက ခရီးသွားဧည့်သည် လည်ပတ်ရာ နေရာတွေကို ပြန်ဖွင့်ပေးလိုက်ပါပြီ။
ဗိုင်းရပ်စ် ပျံ့နှံ့မှာကို ထိန်းချုပ်ကာကွယ်တဲ့ အနေနဲ့ အီဂျစ်အစိုးရက နိုင်ငံတကာလေကြောင်းလိုင်းတွေနဲ့ သမိုင်းဝင် ရှေးဟောင်းနေရာတွေကို မတ်လလယ်လောက်ကတည်းက ခရီးသွားလာခွင့် ပိတ်ပင်ခဲ့တာပါ။
ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားတာကြောင့် အစိုးရဘက်က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ပုံမှန်ထက် ၅ ရာ ခိုင်နှုန်းနီးပါး စီးပွားရေး ကျဆင်းသွားခဲ့တယ် ဆိုပေမယ့် လေ့လာ သုံးသပ်သူတွေကတော့ ၁၅ ရာခိုင်နှုန်း နီးပါးလောက်ထိ ကျဆင်းသွားခဲ့တယ်လို့ သုံးသပ်ကြပါတယ်။
ခရီးသွားတွေနဲ့ အမြဲမပျက် စည်ကားနေတဲ့ အီဂျစ်ရဲ့ နာမည်ကျော် ပရိမစ်ကြီးတွေ စစဖွင့်ချင်းနေ့မှာ ဧည့်သည် အနည်းငယ်ပဲ လာရောက်ခဲ့ပါတယ်။ “ဒီနေရာက အရမ်းကို လှပတဲ့ နေရာတခုပါ။ အီဂျစ်နိုင်ငံရဲ့ အမှတ်သင်္ကေတ တခုမို့ လာရောက် လည်ပတ်တာပါ” လို့ ခရီးဧည့်သည် Ravalonandrasana Maurice က ပြောပါတယ်။
ကိုင်ရို အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတော့ လေကြောင်းလိုင်း ၁၆ ခုလောက် ဆင်းသက်နေပြီလို့ လေကြောင်း ဝန်ကြီးက ဆိုပါတယ်။ စတင်ခွင့်ပြုခဲ့တဲ့ ဇူလိုင် ၁ ရက်က Toulouse, Kuwait, Tunis နဲ့ Amman တို့က ပျံသန်းလာတဲ့ လေယာဉ်တွေ ဆင်းသက်ခဲ့ပါတယ်။
အီဂျစ်ရဲ့အထင်ကရ ပရိမစ်တွေအပြင် အမျိုးသားပြတိုက်တွေနဲ့ ရှေးဟောင်းသုတေသန နေရာတွေကိုပါ စက်တင်ဘာလအထိ တဖြည်းဖြည်းနဲ့ ပြန်လည် ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။ ခရီးသွားဧည့်သည်တွေ တည်းခိုနိုင်ဖို့အတွက် ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေကိုတော့ တည်းခိုနိုင်တဲ့အရေအတွက်ထက် ထက်ဝက်ခန့်ပဲ လက်ခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဖွဲ့လိုက် လာရောက် လည်ပတ်မယ့် ခရီးသွား ဧည့်သည်တွေဆိုလည်း ခရီးသွားလုပ်ငန်းတွေဘက်ကနေ ၂၅ ယောက်ထက် မပိုဘဲ လက်ခံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရီးသွားဧည့်သည် အများအပြား လာရောက် လည်ပတ်လေ့ရှိတဲ့ Tutankhamun သင်္ချိုင်းလို ကမ္ဘာကျော် နေရာမျိုးတွေကို တကြိမ်မှာ လူ ၁၀ ယောက်ထိပဲ ကန့်သတ်ပေးဝင်တော့မှာပါ။ Tahrir မှာရှိတဲ့ အီဂျစ်ပြတိုက်လို နေရာကျယ်ကြီးတွေကိုတော့ လူအယောက် ၂၀၀ ပဲ ပေးဝင်ဖို့ ကန့်သတ်ထားပါတယ်။
အခုလို ကန့်သတ်ချက်တွေကြောင့် ကမ္ဘာကျော် နေရာတွေမှာ လူမထူထပ်တော့ဘဲ အေးအေးဆေးဆေး သွားရောက် လည်ပတ်နိုင်ပြီ ဆိုပေမယ့် Social distancing ကန့်သတ်ချက်တွေကြောင့် အထင်ကရခရီးသွား နေရာတွေကနေ ယခင်ထက် ဝင်ငွေ နည်းသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
Ref: North Shore News