မော်လ်ဒိုက်နိုင်ငံအနေနဲ့ ဇူလိုင် ၁၅ ရက်နေ့ကစပြီး နိုင်ငံတကာခရီးသွားတွေကို ပြန်လည် ဝင်ရောက် ခွင့်ပြုတော့မယ်လို့ သိရပါတယ်။ ခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုတာနဲ့ ပတ်သက်ပြီး သတင်းကောင်းတခုကတော့ အမေရိကန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပြုလိုက်တာပါပဲ။
အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်မှုနှုန်း အများဆုံးဖြစ်နေတဲ့အတွက် နိုင်ငံအများစုမှာ ပြည်ဝင်ခွင့် ပိတ်ထားပါတယ်။ လက်ရှိအချိန်မှာဆိုရင်တော့ အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်သူအရေအတွက် ၃ သန်းခွဲ နီးပါးအထိ ရှိသွားခဲ့ပါပြီ။ COVID-19 ကူးစက်သူ အရေအတွက် များပြားနေတဲ့အတွက်ကြောင့်လည်း နိုင်ငံအများစုက အမေရိကန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ပိတ်ထားပါတယ်။
မော်လ်ဒိုက်ဟာ အာရှမှာ လှပတဲ့ ကျွန်းနိုင်ငံငယ်လေး တနိုင်ငံပါ။ အခုလို နိုင်ငံတကာခရီးသွားတွေကို ပြည်ဝင်ခွင့်ပြုလိုက်တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပြုလိုက်တဲ့ အချက်ပါ။ အားလပ်ရက်အဖြစ် မော်လ်ဒိုက်ကို လာရောက်လည်ပတ်လိုတဲ့ ခရီးသွားတွေအတွက်လည်း သတင်းကောင်းတခုပါပဲ။
COVID-19 ကာလအတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းတွေ အနေနဲ့ အကျပ်အတည်း ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မော်လ်ဒိုက်နိုင်ငံအနေနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာခရီးသွားတွေကို ဇူလိုင် ၁၅ ရက်နေ့ကစပြီး အကန့်အသတ် မရှိ လက်ခံသွားမယ်လို့ မော်လ်ဒိုက် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ကြေညာချက်အရ သိရပါတယ်။
မော်လ်ဒိုက် ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့အဆိုအရ ဇူလိုင်လကုန်ပိုင်းလောက်မှာ အပန်းဖြေစခန်း ၄၀ လောက်ကို ပြန်လည် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ မော်လ်ဒိုက်မှာ COVID-19 ကူးစက်ခံရသူ ၂,၇၃၁ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၁၃ ယောက် ရှိခဲ့ပါတယ်။
Ref: timesofindia
You may also like these stories:
ရှေးဟောင်းမြို့တော် မာချူပီချူကို မကြာခင် ပြန်ဖွင့်မည်
အီဂျစ်က ကမ္ဘာကျော် ရှေးဟောင်းနေရာတွေ ပြန်ဖွင့်ပြီ
ဘာလီမှာ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်