COVID-19 ရောဂါ ကူးစက်မှုတွေ ဆက်လက် ဖြစ်ပွားနေပေမယ့် ကန့်သတ်ထားတဲ့ ပြည်ဝင်ခွင့်တွေကို နိုင်ငံအများစုအနေနဲ့ ပြန်လည် ရုတ်သိမ်းပေးနေပါတယ်။ နော်ဝေနိုင်ငံအနေနဲ့ နိုင်ငံအများစုကို ဝင်ရောက်ခွင့် မပြုသေးပေမယ့် ဥရောပနိုင်ငံ တချို့ကိုတော့ ဇူလိုင် ၁၅ ရက်နေ့ကစပြီး ပြည်ဝင်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။
ပြည်ဝင်ခွင့်ပြုမယ့် နိုင်ငံတွေကတော့ အန်ဒိုရာ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ချက်သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ အိုက်စ်လန်၊ အီတလီ၊ အိုင်ယာလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မာလ်တာ၊ မိုနာကို၊ နယ်သာလန်၊ ပိုလန်၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ ယူကေနဲ့ ဗာတီကန်နိုင်ငံတို့ ဖြစ်ပါတယ်။
ဥရောပနိုင်ငံတွေကနေ နော်ဝေနိုင်ငံကို လာရောက် လည်ပတ်သူတွေအနေနဲ့ ၁၄ ရက် Quarantine ဝင်စရာ မလိုဘူးလို့လည်း သိရပါတယ်။ နွေရာသီရောက်လာပြီဆိုရင် ဥရောပနိုင်ငံတွေက ခရီးသွား အများအပြား နော်ဝေနိုင်ငံကို လာရောက်လေ့ ရှိပါတယ်။ ဒါကြောင့်လည်း နော်ဝေအစိုးရအနေနဲ့ ၁၄ ရက် Quarantine ဝင်မယ့် စည်းကမ်းကို ဖယ်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
နော်ဝေနိုင်ငံအနေနဲ့ နိုင်ငံအများစုကို ပြည်ဝင်ခွင့်ပြုခဲ့ပေမယ့် COVID-19 ကူးစက်မှုနှုန်း မြင့်မားနေတဲ့ ပေါ်တူဂီ၊ ခရိုအေးရှား၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား စတဲ့ နိုင်ငံတွေကိုတော့ ပြည်ဝင်ခွင့် ပိတ်ပင်ထားဆဲပါ။ အခုလို ပြည်ဝင်ခွင့်ပေးလိုက်တဲ့အတွက် နော်ဝေနိုင်ငံက ခရီးသွားလုပ်ငန်းတွေကို တကျော့ပြန် စ တင်နိုင်တော့မယ်လို့ ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ Iselin Nybo ကပြောကြားခဲ့ပါတယ်။
ခရီးသွား ကုမ္ပဏီအများစုအနေနဲ့လည်း မကြာခင် လာရောက်ကြတော့မယ့် နိုင်ငံတကာ ဧည့်သည်တွေအတွက် ဝန်ဆောင်မှု ပြန်လည်ပေးနိုင်မှာဖြစ်တဲ့အတွက် လူအများစု အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်လည် ရှိနိုင်ပါတော့မယ်။
နော်ဝေနိုင်ငံနည်းတူပဲ ဥရောပနိုင်ငံအများစုမှာ COVID-19 ကာလအတွင်းက ပိတ်ထားခဲ့တဲ့ နယ်စပ်တွေကို ပြန်လည် ဖွင့်လှစ်နေကြပါတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကစပြီး တောင်ကိုရီးယား၊ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံ ၁၅ နိုင်ငံကို ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်။
သြစတြီးယားနိုင်ငံကလည်း ဇွန် ၄ ရက်နေ့ကစပြီး ဂျာမနီ၊ ဆွစ်ဇာလန် အပါအဝင် နိုင်ငံတချို့ကို ပထမဆုံးအကြိမ် ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံအများစုအနေနဲ့ ကန့်သတ်ထားတဲ့ပြည်ဝင်ခွင့်တွေကို ပြန်လည် ရုတ်သိမ်းပေးနေတာ တွေ့နေရပါတယ်။
Ref: euronews, lonelyplanet
You may also like these stories:
စင်ကာပူ-မလေးရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ ပြန်စတင်မည်
အမေရိကန်နိုင်ငံသားများကို မော်လ်ဒိုက်သို့ ဝင်ရောက်ခွင့်ပြုမည်
ရှေးဟောင်းမြို့တော် မာချူပီချူကို မကြာခင် ပြန်ဖွင့်မည်