ဗီယက်နမ်နိုင်ငံအနေနဲ့ လေကြောင်းဆိုင်ရာခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲဖို့ တရုတ်နိုင်ငံနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ COVID-19 စတင်ဖြစ်ပွားပြီး နောက်ပိုင်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းက တရုတ်နိုင်ငံနဲ့ လေကြောင်းခရီးစဉ်ပျံ သန်းမှုကို ယာယီကန့်သတ်ခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်တော့ ဗီယက်နမ်နိုင်ငံဟာ COVID-19 ကူးစက်သူ ၃၇၃ ယောက်ရှိခဲ့ပြီး လူသေဆုံးမှုတော့မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဆိုရင်တော့ ဗီယက်နမ်နိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေကို အခြားနိုင်ငံတွေထက် မြန်မြန်ဆန်ဆန် ပြန်လည်စတင်နိုင်ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ လာရောက်မယ့်ခရီးသွားတွေကို မဖြစ်မနေ ၁၄ ရက် Quarantine ဝင်ရမယ့် စည်းကမ်းကို တော့သတ်မှတ်ထားဆဲပါပဲ။ ပြီးခဲ့တဲ့လကတော့ ဗီယက်နမ်အစိုးရက ဒေသအများအပြားကို နိုင်ငံတကာ လေကြောင်းလိုင်းခရီးစဉ်တွေ ပြန်လည်ခွင့်ပြုဖို့စဉ်းစားနေတယ်လို့ ပြောကြားခဲ့ ပါသေးတယ်။
တရုတ်နိုင်ငံနဲ့ဗီယက်နမ်နိုင်ငံဟာ ကုန်သွယ်ရေးမဟာမိတ်နိုင်ငံတွေဖြစ်ကြသလို နှစ်စဉ်တရုတ်ခရီးသွား အရေအတွက်အများအပြား ဗီယက်နမ်နိုင်ငံကို လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံကို တရုတ်ခရီးသွားအရေအတွက် ၁၈ သန်းလာရောက်လည်ပတ်ခဲ့ကြ တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဗီယက်နမ်ပြည်တွင်းခရီးသွားလုပ်ငန်းကတော့ တိုးတက်နေဆဲပါပဲ။ COVID-19 စတင် ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ခရီးသွားလုပ်ငန်းတွေအပါအဝင် စီးပွားရေးလုပ်ငန်း တွေအားလုံး ရပ်ဆိုင်းထားခဲ့ရပါတယ်။ အတော်အသင့်ထိန်းချုပ်လာနိုင်တဲ့နိုင်ငံတွေကတော့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ခဲ့သလို ပြည်ဝင်ခွင့်ကိုလည်း ပြန်လည်ခွင့်ပြုခဲ့ကြပါတယ်။ ဥရောပနိုင်ငံတွေကိုကြည့်မယ်ဆိုရင်လည်း နိုင်ငံအများပြားစုကို ပြည်ဝင်ခွင့်ပြန်လည်ခွင့်ပြုနေတာ ကို တွေ့ရပါတယ်။ မြန်မာနိုင်ငံကတော့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုကို ကန့်သတ်ထားဆဲပါပဲ။
Ref:thejakartapost,bussinesstraveller
You may also like these stories:
ဥရောပနိုင်ငံအများစုကို နော်ဝေသို့ ဝင်ရောက်ခွင့်ပြု
စင်ကာပူ-မလေးရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ ပြန်စတင်မည်
အမေရိကန်နိုင်ငံသားများကို မော်လ်ဒိုက်သို့ ဝင်ရောက်ခွင့်ပြုမည်