ဟာဝိုင်ယီကျွန်းစုဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ တည်ရှိပြီး အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တခုလည်းဖြစ်ပါတယ်။ နှစ်စဉ်လိုလို နိုင်ငံတကာခရီးသွားများစွာ လာရောက်လေ့ရှိတဲ့ နေရာတနေရာပါ။ လက်ရှိမှာတော့ COVID-19 ကြောင့် ခရီးသွားလာခွင့်ကို ယာယီကန့်သတ်ထားပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ ဟာဝိုင်ယီ ခရီးသွားလုပ်ငန်းတွေကို သြဂုတ်လ ၁ ရက်နေ့မှာ ပြန်စတင်မယ်လို့ မူလက ကြေညာထားပေမယ့် COVID-19 ကူးစက်မှု ပြန်မြင့်တက်လာတဲ့အတွက် စက်တင်ဘာ ၁ ရက်နေ့မှသာ ဟာဝိုင်ယီ ခရီးသွားလုပ်ငန်းတွေကို ပြန်လည်စတင်မယ်လို့ ကြေညာခဲ့ပါတယ်။
ဟာဝိုင်ယီ အုပ်ချုပ်ရေးမှူးဖြစ်သူ David Ige ကလည်း COVID-19 ကူးစက်ခံထားရမှု မရှိတဲ့ ခရီးသွားတွေကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဟာဝိုင်ယီပြည်နယ်တွင်း လာရောက်ခွင့်ပြုမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
လာရောက် လည်ပတ်သူတွေအနေနဲ့ ၁၄ ရက် Quarantine ဝင်ရမယ်လို့ သိရပါတယ်။ မူလကတော့ ၇၂ နာရီအတွင်း ရယူထားတဲ့ ကျန်းမာရေးထောက်ခံစာ ပါရင် Quarantine ဝင်စရာ မလိုဘဲ သြဂုတ်လမှာ ခရီးသွားလုပ်ငန်းတွေ ပြန်စတင်မယ်လို့ ကြေညာခဲ့ပါသေးတယ်။
အမေရိကန်နိုင်ငံမှာ နေ့စဉ်လိုလို COVID-19 ကူးစက်သူ အရေအတွက် မြင့်မားနေတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ ပြန်စတင်ရင် မဖြစ်မနေ Quarantine ၁၄ ရက် ဝင်ရမှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ COVID-19 ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ထိန်းချုပ်နိုင်မှု မရှိလေလေ စီးပွားရေးလုပ်ငန်းတွေက ပိုမိုထိခိုက်လာလေလေပါပဲ။ ဒါပေမဲ့လည်း ကျွန်းသူ၊ ကျွန်းသားတွေရဲ့ကျန်းမာရေးကို ပိုမိုဦးစားပေး လုပ်ဆောင်သွားမယ်လို့ အုပ်ချုပ်ရေးမှူးဖြစ်သူ David Ige က ပြောပါတယ်။
မတ်လနှောင်းပိုင်းကစပြီး ဟာဝိုင်ယီ ခရီးသွားလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။ COVID-19 ကြောင့် အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခဲ့ပါတယ်။ ဟာဝိုင်ယီဟာ အမေရိကန် နိုင်ငံ အလုပ်လက်မဲ့ ဒုတိယအများဆုံး ဖြစ်ပြီး ၂၂ ဒဿမ ၆ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
ဟာဝိုင်ယီကို လာရောက် လည်ပတ်တဲ့ ခရီးသွားတွေအနေနဲ့ လေဆိပ်မှာ COVID-19 ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံစာပြဖို့ လိုအပ်ပါတယ်။ Negative အဖြေ ထွက်သူတွေအနေနဲ့လည်း ၁၄ ရက် Quarantine ဝင်ရမယ်လို့ သိရပါတယ်။
Ref: timesofindia, foxnews
You may also like these stories:
အမေရိကန်နိုင်ငံသားများကို မော်လ်ဒိုက်သို့ ဝင်ရောက်ခွင့်ပြုမည်
ဘာလီမှာ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်
ခရီးသွားလုပ်ငန်း စတင်ဖို့ ပြင်ဆင်နေတဲ့ ကျူးဘား