ပြည်တွင်းကူးစက်မှုကို လပေါင်းအတော်ကြာတဲ့အထိ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကစပြီး ကူးစက်လူနာသစ်တွေ ပြန်လည် တွေ့ရှိခဲ့ပါတယ်။
ခရီးသွားတွေ လာရောက် လည်ပတ်လေ့ရှိတဲ့ ဒါနန်းမြို့မှာ ကူးစက်လူနာသစ် အနည်းဆုံး ၁၄ ယောက်အထိရှိ လာခဲ့တဲ့အတွက် ဒါနန်းလေကြောင်းလိုင်းတွေ အားလုံးကို ၁၅ ရက်အထိ ပိတ်ထားမယ်လို့ သိရပါတယ်။ ဒါနန်းမြို့ရဲ့ လေကြောင်းလိုင်းတွေအပြင် အများသုံးဘတ်စ်ကားနဲ့ မီးရထား ခရီးစဉ်တွေကိုလည်း ယာယီပိတ်ထားမယ်လို့ ဗီယက်နမ်အစိုးရရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ပြည်တွင်းကူးစက်မှုတွေ မရှိတော့တဲ့အတွက် ဧပြီနှောင်းပိုင်းလောက်ကစလို့ ကန့်သတ်မှုတွေကို ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။ ကန့်သတ်မှုတွေ ဖြေလျှော့ပေးပြီးနောက်ပိုင်း ပြည်တွင်းခရီးသွား အများစုက ကမ်းရိုးတန်း မြို့တမြို့ဖြစ်တဲ့ ဒါနန်းမြို့ကို လာရောက် လည်ပတ်ခဲ့ကြပါတယ်။
ပြည်တွင်း ကူးစက်မှု မရှိခဲ့တာ ရက်ပေါင်း ၁၀၀ နီးပါးကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ စနေနေ့မှာတော့ ဒါနန်းမြို့မှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ဗီယက်နမ် အမျိုးသားတယောက်မှာ ရောဂါပိုး ပြန်လည် တွေ့ရှိခဲ့ပါတယ်။
ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးမှုတွေ ပြန်လည် ပြုလုပ်တဲ့အခါမှာ ဒါဇင်နဲ့ချီတဲ့ လူတွေ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အင်္ဂါနေ့ကစပြီး ဒါနန်းမြို့ရဲ့လေကြောင်းလိုင်းတွေအားလုံးကို ယာယီ ရပ်ဆိုင်ထားခဲ့တယ်လို့ ဗီယက်နမ် လေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Vo Huy Cuong က ပြောပါတယ်။
တဆက်တည်းမှာပဲ သူက တနင်္လာနေ့အထိ ဒါနန်းမြို့မှာ သောင်တင်နေတဲ့ ခရီးသွားတွေကို လေယာဉ်အစီးပေါင်း ၉၀ နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပြီး ခရီးသွားအများစုကတော့ တနင်္ဂနွေနေ့မှာတင် မီးရထားခရီးစဉ်တွေနဲ့ ပြည်နယ်အနီးက မြို့တွေကို သွားရောက်ခဲ့ကြတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်တွင်းကူးစက်မှုတွေ ပြန်တွေ့နေရတဲ့အတွက် ဒါနန်းမြို့ရဲ့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းလိုင်းတွေ အားလုံးကို ၁၅ ရက်ကြာတဲ့အထိ ပိတ်ထားမယ်လို့ သိရပါတယ်။
ဒါနန်းမြို့မှာ နေထိုင်တဲ့ ဒေသခံတွေကိုလည်း အကြောင်းကိစ္စ မရှိဘဲ အိမ်ပြင်မထွက်ခိုင်းသလို လူ ၂ ယောက်ထက်ပိုပြီး စုဝေးခွင့် မပြုထားပါဘူး။ ဗီယက်နမ်နိုင်ငံမှာ COVID-19 ကြောင့် လူသေဆုံးမှု မရှိသေးပေမယ့် ကူးစက်လူနာ ၄၃၁ ယောက်အထိ ရှိလာခဲ့ပါပြီ။
ပြည်တွင်းကူးစက်မှု ဖြစ်လာပြီးနောက်ပိုင်း ကူးစက်လူနာ ၂ ဦးရဲ့ ကျန်းမာရေးအခြေအနေကတော့ စိုးရိမ်စရာ ရှိတယ်လို့ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref: CNA
You may also like these stories:
ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များ စာရင်းထဲ ဗီယက်နမ် တက္ကသိုလ် ၈ ခု ပါဝင်
ဗီယက်နမ် နိုင်ငံတကာလေကြောင်းလိုင်းများ ဇွန် ၁၀ ရက်နေ့ ပြေးဆွဲရန် အဆိုပြုထား