ယူကေနိုင်ငံကို လာမယ့် စပိန်နိုင်ငံသားတိုင်း တကိုယ်တည်းသီးသန့် ၁၄ ရက် နေထိုင်ဖို့ သတ်မှတ်လိုက်တဲ့ သတင်းကြောင့် ထောင်နဲ့ချီတဲ့ ခရီးသွားတွေ စိတ်ပျက် ဒေါသထွက်နေကြပါတယ်။ စပိန်ပြည်မကြီးနဲ့ ကမ်နရီကျွန်းစု၊ Balearic ကျွန်းကနေ လာတဲ့သူတွေလည်း အဆိုပါ စည်းမျဉ်းအသစ်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးမိနစ်မှ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းအသစ်ကြောင့် စပိန်ခရီးသွား တော်တော်များများ ခရီးစဉ်ပြန်ဖျက်ရဖို့ ရှိနေပါတယ်။ ယူကေကို အားလပ်ရက် လာရောက် လည်ပတ်ဖို့ စီစဉ်ထားတဲ့ Pippa Stickler က သူ့အမျိုးသားနဲ့ စီစဉ်ထားတဲ့ ခရီးစဉ် ပြန်ဖျက်လိုက်ရလို့ စိတ်ပျက်နေပါတယ်။
“ကျမတို့ နှစ်ယောက်က အားလပ်ရက် ၄ ရက်လောက်ပဲ ရတာပါ။ ၁၄ ရက် နေရမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ အနားကပ်မှ ဒီလို စည်းမျဉ်းအသစ်ကြီး ထုတ်ပြန်လိုက်တာ အရမ်းကို စိတ်ပျက်မိပါတယ်” လို့ ဆိုပါတယ်။
Vera Playa ကို ပြန်သွားရတဲ့ ခရီးသည် Graham Woodhouse ကလည်း အစိုးရအနေနဲ့ စပိန် ဘယ်ဒေသကလာတဲ့သူပေါ် မူတည်ပြီး စည်းမျဉ်းကို အတိုးအလျှော့ လုပ်ပေးသင့်ပြီး စပိန်မှာတောင် တနေရာနဲ့တနေရာ မတူညီတဲ့အကြောင်း ပြောပြပါတယ်။
Which? Travel မဂ္ဂဇင်းရဲ့ အယ်ဒီတာဖြစ်သူ Rory Boland က “ခရီးသွားတော်တော်များများ ဒေါသထွက်ခဲ့ကြတာပါ။ ဘာလို့များ ယူကေအစိုးရက ထောင်နဲ့ချီတဲ့ ခရီးသွားတွေ စပိန်ကနေ မလာခင် ၄၈ နာရီအတွင်း မကြေညာခဲ့ရသလဲ ဆိုပြီး ပြောနေကြတယ်။ တကယ်လို့သာ ၁၄ ရက်နေရမယ်လို့ ကြိုသိခဲ့ရင် ခရီးသွားအများစု မလာဖြစ်လောက်ဘူး” လို့ ပြောပြပါတယ်။
ယူကေအစိုးရကတော့ စပိန်နိုင်ငံမှာ ကူးစက်မှုအသစ်တွေ ပြန်တွေ့ခဲ့ရတာကြောင့် အဆိုပါ စည်းမျဉ်းအသစ်ကို ချမှတ်လိုက်တာလို့ ဆိုပါတယ်။ စပိန်အစိုးရဘက်ကလည်း တခြားဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေမှာ ကူးစက်မှုတွေ ပြန်တွေ့နေရသလို ဒုတိယလှိုင်း ထပ်ဖြစ်လာနိုင်တာကို သတိပေး ပြောကြားထားပါတယ်။
ယူကေအစိုးရကတော့ အားလပ်ရက် ရာသီမှာ နိုင်ငံတွင်းက ကမ်းခြေတွေနဲ့ ကျွန်းစုတွေပေါ်မှာ မလိုအပ်ဘဲ နိုင်ငံခြားခရီးသွားတွေ စုပြုံရောက်လာမှာကို စိုးရိမ်နေပါတယ်။ ဗြိတိန်ဘက်က ကိန်းဂဏန်းတွေကို သေချာ မစိစစ်ဘဲ တဖက်သတ် ချမှတ်လိုက်တဲ့အပေါ် Baleraic ဒေသက အကြီးအကဲက ပြစ်တင်ဝေဖန်လိုက်ပါတယ်။
“ကျနော်တို့ကျွန်းက ကူးစက်မှု အရေအတွက်ဆိုတာ ယူကေမှာ ကူးစက်ခံရသူလောက်တောင် မရှိပါဘူး။ ဒီဒေသကို လာမယ့်သူတွေအတွက် တဖက်စောင်းနင်း ချမှတ်ထားတာမျိုးတွေလည်း မရှိဘူး” လို့ ဒေသ အကြီးအကဲဖြစ်သူ Francina Armengol က ဆိုပါတယ်။
စပိန်ဝန်ကြီးချုပ် Pedro Sanchez ကလည်း ဗြိတိန်နိုင်ငံဘက်က စပိန်တနိုင်ငံလုံးကို ခြုံပြီး အခုလို ၁၄ ရက် Quarantine နေဖို့ သတ်မှတ်လိုက်တာဟာ မှားယွင်းတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
Ref: Reuters , Sky News
You may also like these stories:
ကမ္ဘောဒီးယားမှာ မလေးရှားနဲ့ အင်ဒိုနီးရှား လေကြောင်းလိုင်းများ ယာယီရပ်ဆိုင်း
ကနေဒါလေကြောင်းလိုင်း ထိုင်ဝမ်သို့ ၂၀၂၁ မှာ ပြန်ပြေးဆွဲမည်
ပြည်တွင်းကူးစက်မှုကြောင့် ဒါနန်းမြို့ လေကြောင်းလိုင်းများ ယာယီပိတ်ထား