COVID-19 ရောဂါ စတင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာရှနိုင်ငံတွေအနေနဲ့ နိုင်ငံရဲ့နယ်စပ်ဂိတ်တွေကို ပိတ်ထားခဲ့သလို ပြည်တွင်း ဝင်ရောက်ခွင့် ကန့်သတ်တာမျိုးတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။ ပြည်တွင်း ကူးစက်မှုကို ထိန်းချုပ်လာနိုင်တဲ့ နောက်ပိုင်းမှာတော့ ကန့်သတ်ထားတဲ့ ပြည်ဝင်ခွင့်တွေကို ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။
အာရှနိုင်ငံတချို့မှာ ပြည်တွင်း ကူးစက်မှုတွေ ပြန်တွေ့နေရပေမယ့် စီးပွားရေးကြောင့် ပြည်တွင်းဝင်ရောက်ခွင့်ကို အကန့်အသတ်တချို့နဲ့ ပြန်လည် ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။ အာရှနိုင်ငံတွေနည်းတူ ဥရောပနိုင်ငံတွေကလည်း ပြည်တွင်း ဝင်ရောက်ခွင့်ကို ပြန်လည် ခွင့်ပြုခဲ့ပါတယ်။ ပြည်တွင်း ဝင်ရောက်ခွင့်ပြုတဲ့ အာရှနိုင်ငံတွေကတော့ အောက်ပါနိုင်ငံတွေပါ။
(၁) ကမ္ဘောဒီးယားနိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မေလ ၂၀ ရက်နေ့ကစပြီး အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အီရန်၊ အီတလီနဲ့ စပိန်နိုင်ငံအပါအဝင် နိုင်ငံအများစုကို ပြည်တွင်း ဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကိုသွားမယ်ဆိုရင် ၇၂ နာရီအတွင်း ရယူထားတဲ့ ကျန်းမာရေး ထောက်ခံချက် လိုအပ်သလို COVID-19 ကင်းရှင်းကြောင်း ထောက်ခံချက်လည်း လိုအပ်ပါတယ်။ ကျန်းမာရေးအာမခံအဖြစ် ဒေါ်လာ ၅၀၀၀၀ လိုအပ်သလို ကမ္ဘောဒီးယားကို ရောက်တာနဲ့ COVID-19 စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Quarantine ၁၄ ရက် ဝင်ဖို့လည်း လိုအပ်ပါတယ်။
(၂) အင်ဒိုနီးရှားနိုင်ငံ (ဘာလီကျွန်း)
စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး ဘာလီကျွန်းကို လာရောက်လိုတဲ့ နိုင်ငံတကာခရီးသွားတွေကို ပြည်ဝင်ခွင့်ပေးမယ်လို့ ဘာလီ ဒေသခံအာဏာပိုင်တွေက ကြေညာထားပါတယ်။ ဘာလီကျွန်းကို လာရောက်လိုတဲ့ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ COVID-19 ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် လိုအပ်သလို အင်ဒိုနီးရှားနိုင်ငံကို ရောက်တာနဲ့ ရောဂါ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး စမ်းသပ်ခကိုလည်း ခရီးသွားတွေအနေနဲ့ အကုန်အကျခံရမှာ ဖြစ်ပါတယ်။
ဘယ်နိုင်ငံတွေကို ပြည်တွင်းဝင်ရောက်ခွင့်ပေးမယ်ဆိုတာကိုတော့ အင်ဒိုနီးရှားအစိုးရက ကြေညာထားခြင်း မရှိသေးပါဘူး။
(၃) ဂျပန်နိုင်ငံ
မတ်လကစပြီး နိုင်ငံတကာခရီးသွားတွေကို ဂျပန်နိုင်ငံက ဝင်ရောက်ခွင့် မပြုခဲ့ပါဘူး။ ဂျပန်အစိုးရ အနေနဲ့ ဦးစားပေးအနေနဲ့ ပြည်ဝင်ခွင့်ပြုထားတဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ ထိုင်း၊ သြစတြေးလျ၊ နယူးဇီလန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ တရုတ်၊ မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း၊ လာအို၊ မွန်ဂိုလီးယား တို့ပဲ ဖြစ်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ စီးပွားရေး ခရီးသွားတွေနဲ့ ကျောင်းသားတွေကို ပြည်ဝင်ခွင့်ပြုထားပြီး နောက်ပိုင်းမှာတော့ ခရီးသွားတွေအားလုံးကို လာရောက်ခွင့်ပြုမယ်လို့ သိရပါတယ်။
(၄) တောင်ကိုရီးယားနိုင်ငံ
တောင်ကိုရီးယားနိုင်ငံကတော့ နိုင်ငံတကာ ခရီးသွားအားလုံးကို ပြည်တွင်းဝင်ရောက်ခွင့်ပြုထားပါ တယ်။ တောင်ကိုရီးယားနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေအနေနဲ့ Quarantine ၁၄ ရက် ဝင်ဖို့ လိုအပ်သလို တရက်အတွက် ကုန်ကျစရိတ် ဒေါ်လာ ၁၅၀ ကုန်ကျခံရမှာ ဖြစ်ပါတယ်။
(၅) မလေးရှားနိုင်ငံ
ဇူလိုင် ၂၂ ရက်နေ့ကစပြီး နိုင်ငံတကာ ခရီးသွားတွေကို ခြွင်းချက်နဲ့ ဝင်ရောက်ခွင့်ပြုဖို့ မလေးရှား အစိုးရက စီစဉ်ထားပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ မတ်လကစပြီး နိုင်ငံတကာခရီးသွား ဝင်ရောက်မှုကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ မလေးရှားအစိုးရအနေနဲ့ သြဂုတ်လ ၃၁ ရက်နေ့အထိ ပြည်တွင်း ဝင်ရောက်ခွင့် ပိတ်ထားမယ်လို့ ကြေညာထားပေမယ့် လက်ရှိမှာတော့ အကန့်အသတ်တချို့နဲ့ ပြည်တွင်းဝင်ရောက်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။
မလေးရှားအစိုးရက ပြည်ဝင်ခွင့်ပြုထားတဲ့ နိုင်ငံတွေကတော့ ဘရူနိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။
(၆) မော်လ်ဒိုက်နိုင်ငံ
ဇူလိုင် ၁၅ ရက်နေ့ကစပြီး နိုင်ငံတကာခရီးသွားတွေကို မော်လ်ဒိုက်နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုခဲ့သလို နိုင်ငံတကာ လေကြောင်းလိုင်းတွေလည်း စတင်ပြေးဆွဲနေပါတယ်။ မော်လ်ဒိုက်နိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအနေနဲ့ COVID-19 စမ်းသပ်စစ်ဆေးမှု လုပ်ဖို့ မလိုအပ်သလို Quarantine ဝင်စရာလည်း မလိုအပ်ပါဘူး။
(၇) နီပေါနိုင်ငံ
သြဂုတ်လ ၁၇ ရက်နေ့ကစပြီး နီပေါနိုင်ငံကို လာရောက်လိုတဲ့ နိုင်ငံတကာ ခရီးသွားတွေကို ပြန်လည် ဝင်ရောက်ခွင့်ပြုထားသလို နိုင်ငံတကာ လေကြောင်းလိုင်းတွေကိုလည်း ပြန်လည် ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ နီပေါနိုင်ငံကို လာရောက်လည်ပတ်လိုတဲ့ ခရီးသွားတွေအနေနဲ့ ကျန်းမာရေး ထောက်ခံချက် လိုအပ်ပါတယ်။
(၈) သီရိလင်္ကာနိုင်ငံ
သီရိလင်္ကကာအစိုးရကလည်း သြဂုတ်လ အစောပိုင်းလောက်ကစပြီး နိုင်ငံတကာ ခရီးသွားတွေကို ဝင်ခွင့်ပြုသွားမယ်လို့ ကြေညာထားပါတယ်။
(၉) ထိုင်းနိုင်ငံ
ထိုင်းအစိုးရကလည်း ဇူလိုင် ၁ ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းရှင်၊ ကျွမ်းကျင်လုပ်သား၊ ပြည်ပ ရောက် ထိုင်းမိသားစုဝင်တွေနဲ့ ဆေးကုသမှု ခံယူလိုတဲ့ လူနာတွေကို ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်။
(၁၀) ဥဇဘက်ကစ္စတန်
ဇူလိုင် ၁၅ ရက်နေ့ကစပြီး ဥဇဘက်ကစ္စတန်ကို လာရောက်လိုတဲ့ နိုင်ငံတကာ ခရီးသွားတွေကို ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်။ ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ ထူးခြားချက်ကတော့ လာရောက် လည်ပတ်တဲ့ ခရီးသွားတွေအနေနဲ့ ပြည်တွင်းမှာ COVID-19 ကူးစက်လူနာတယောက်ကို ရှာဖွေနိုင်ရင် ဒေါ်လာ ၃၀၀၀ ပေးမယ်ဆိုတဲ့ အချက်ပါ။
တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အစ္စရေးနိုင်ငံတွေကို ၁၄ ရက်အတွင်း သွားရောက် လည်ပတ်ထားသူတွေအနေနဲ့ Quarantine ဝင်စရာ မလိုအပ်ပေမယ့် အီးယူနိုင်ငံအပါအဝင် မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတွေကို သွားရောက်ထားသူတွေကတော့ Quarantine ၁၄ ရက် ဝင်ဖို့ လိုအပ်ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု၊ တူရကီ၊ အီရန်၊ အာဖဂန်နစ္စတန်နဲ့ ရုရှားနိုင်ငံကို သွားရောက် လည်ပတ်ထားသူတွေလည်း အထူးအစီအစဉ်နဲ့ Quarantine ဝင်ဖို့ လိုအပ်ပါတယ်။
Ref:traveloffpath
You may also like these stories:
အိမ်ဖြူတော် ဝန်ထမ်းတွေမှာပါ COVID-19 ကူးစက်ခံရ
ဗြိတိန်ကိုလာမယ့် စပိန်ခရီးသွားတိုင်း Quarantine ၁၄ ရက် နေရမည်
အမေရိကန်ခရီးသွားတွေကို လာရောက်ခွင့် ပိတ်ပင်ထားတဲ့နိုင်ငံများ