ကိုဗစ်ကာလအတွင်း ယာယီ ရပ်ဆိုင်းထားခဲ့တဲ့ ဂျပန်-စင်ကာပူ ခရီးသွားလာမှုကို စက်တင်ဘာလမှာ ပြန်စတင်ဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က နှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Toshimitsu Motegi က သူနဲ့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ Vivian Balakrishan တို့ဟာ စက်တင်ဘာလကစပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်ပခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံပေါင်း ၁၄၆ နိုင်ငံက နိုင်ငံခြားသားခရီးသွားတွေကို ကိုဗစ်ကာလအတွင်း ပြည်ဝင်ခွင့် ယာယီ ကန့်သတ်ခဲ့ပါတယ်။ ဇူလိုင်လနှောင်းပိုင်းကစပြီး စင်ကာပူအပါအဝင် အာရှ ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပြုဖို့ သဘောတူခဲ့ပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းတုန်းကလည်း နိုင်ငံခြားရေးဝန်ကြီး ၂ ယောက် ပထမဆုံးအကြိမ် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခဲ့ကြပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်ရည်မှန်းချက်တွေကို တားဆီးနိုင်မယ့် နည်းလမ်းနဲ့ တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းဆိုင်ရာ တောင်းဆိုမှုတွေကို တိုးမြှင့်လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့အခြေအနေကို ဆွေးနွေးခဲ့ကြပါသေးတယ်။
စင်ကာပူနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး ၂ ယောက် တွေ့ဆုံပြီး ခရီးသွားလာခွင့်ကန့်သတ်ချက်တွေကို သဘောတူညီမှု ရရှိပြီးတဲ့နောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ခရီးသွားလာမှုတွေ မစတင်ခင် အသေးစိတ် အချက်အလက်တွေကို အတည်ပြုဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ သူတို့ နှစ်ယောက် တွေ့ဆုံချိန်မှာ ဟောင်ကောင်ရဲ့ နိုင်ငံရေးတင်းမာမှု အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဗီယက်နမ်၊ ထိုင်း၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့နဲ့လည်း သီးခြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဇွန်လအတွင်း စမ်းသပ်မှုတခု အနေနဲ့ ဂျပန်အစိုးရဟာ စင်းလုံးငှားလေယာဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဗီယက်နမ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ဂျပန်နဲ့ စင်ကာပူနိုင်ငံအကြား သဘောတူညီချက်မှာ စီးပွားရေး ခရီးသွားတွေသာမက အခြားရေရှည်နေထိုင်သူတွေလည်း ပါဝင်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
နှစ်နိုင်ငံအကြားက စီးပွားရေးခရီးသွားသူတွေဟာ Quarantine ၁၄ ရက် ကင်းလွတ်ခွင့်ရမှာဖြစ်ပြီး နေထိုင်မယ့်နေရာကို ဖော်ပြဖို့ လိုအပ်သလို အများသုံးယာဉ်တွေကိုတော့ အသုံးပြုခွင့်မပေးထားပါဘူး။
ဒါ့အပြင် ကြုံရာလူတွေနဲ့ စကားပြောဆိုတာမျိုး ရှောင်ရမှာဖြစ်သလို လူထူထပ်တဲ့ နေရာတွေကို လည်း သွားခွင့်မပြုဘူးလို့ ဝန်ကြီးဌာနက ပြောပါတယ်။ ရေရှည် နေထိုင်မယ့်သူတွေနဲ့ လည်ပတ်သူတွေကတော့ Quarantine ဝင်ရမှာ ဖြစ်ပါတယ်။
Ref: Japantimes
You may also like these stories:
COVID-19 ကို ထိန်းချုပ်နိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
အမေရိကန်မှာ COVID-19 ကူးစက်ခံရတဲ့ ခွေး သေဆုံး