ကိုဗစ်ကာလ ဂျပန်မှာ ခေတ်စားလာတဲ့ ခရီးသွားပုံစံသစ် online tour
COVID-19 ကပ်ရောဂါကြီးကြောင့် ထိခိုက်မှုအများဆုံးကို ပြပါဆိုရင် ခရီးသွားလုပ်ငန်းကဏ္ဍပဲဖြစ်ပါလိမ့်မယ်။ ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်တဲ့အနေနဲ့ တနိုင်ငံကနေ တနိုင်ငံကို ခရီးသွားလာခွင့်တွေ ပိတ်ပင်ထားနေရဆဲဖြစ်သလို၊ ပြည်တွင်း ခရီးသွားလာခွင့်တွေလည်း နေရာဒေသတချို့မှာ ပိတ်ထားရပါတယ်။
လူမှုဘဝ ပုံစံသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဂျပန်ခရီးသွားကုမ္ပဏီတွေက နည်းပညာအကူအညီနဲ့ ပုံရိပ်ယောင် ခရီးသွားလာခြင်းကို ဖော်ဆောင်နေပါတယ်။ နယ်ဘက်က ဒေသခံတွေနဲ့ တိုက်ရိုက် တွေ့ဆုံနေရသလို ခံစားနိုင်ပြီး၊ နယ်မြို့လေးရဲ့ သဘာဝ အလှအပတွေကိုပါ ခံစားနိုင်အောင် ဖန်တီးပေးထားပါတယ်။
ဂျပန်နိုင်ငံမှာ စတင်ခေတ်စားလာတဲ့ အဆိုပါ ပုံရိပ်ယောင် ခရီးသွားအစီအစဉ်ဟာ COVID-19 ရောဂါကြောင့် ခရီးရှည်မသွားရတဲ့ ဧည့်သည်တွေကို အိမ်မှာနေရင်း ခရီးထွက်နေရသလို ခံစားရအောင် လုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။
ခရီးသွားကုမ္ပဏီတခုဖြစ်တဲ့ Hankyu Travel ကနေ အွန်လိုင်းပေါ်ကတဆင့် Chiba စီရင်စုမှာ မြင်တွေ့ရမယ့် ရူခင်းတွေကို လှည့်လည်ကြည့်ရှုနိုင်မယ့် ခရီးစဉ်ကို ရောင်းချပေးနေပါတယ်။ Kimitsu မြို့က Kameiwa လိုဏ်ဂူကို မျက်နှာပြင်ပေါ်ကနေ မြင်တွေ့နိုင်ပြီး အဲ့ဒီနောက်မှာတော့ ခရီးသွား တိုးဂိုက်ရဲ့ ရှင်းပြသံတွေကိုပါ ကြားရမှာ ဖြစ်ပါတယ်။
အဆိုပါ လိုဏ်ဂူ အနီးအနားဝန်းကျင်မှာ သာယာဖွယ်ကောင်းပုံတွေ၊ ကြည်လင်နေတဲ့ စမ်းချောင်းထဲက ငါးလေးတွေနဲ့ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် စိမ်းစိုနေတဲ့ ရူမျှော်ခင်းတွေအကြောင်း ရှင်းပြသံနဲ့အတူ ဖန်သားပြင်ပေါ်ကနေတဆင့် မြင်တွေ့ခွင့်ရမှာပါ။
ကိုဗစ်ကြောင့် ပြောင်းလဲလာတဲ့ ခရီးသွားအစီအစဉ်သစ်က လူကြိုက်များလာပြီး ဧည့်သည်တယောက်ကဆိုရင် “ကျမ အဲ့ဒီ နေရာကို တကယ်ရောက်သွားသလို ခံစားရတယ်။ အရမ်းပျော်ဖို့ကောင်းပါတယ်”လို့ သူ့အတွေ့အကြုံကို ဝေမျှပေးခဲ့ပါတယ်။
နောက်ထပ် ခရီးသွားကုမ္ပဏီကြီးဖြစ်တဲ့ JTB Corp. ကလည်း online tour အဖြစ် တိုကျိုထဲက Hachijojima ကျွန်းကလေးပေါ်ကို လှည့်ပတ်ကြည့်ရှုနိုင်သလို အဆိုပါကျွန်းပေါ်က minshuku ဧည့်ဆောင်မန်နေဂျာ okami နဲ့အတူ ဒေသအစားအစာတွေကိုပါ အတူတူ ချက်ပြုတ်နိုင်မှာပါ။
ခေတ်စားလာတဲ့ online tour တွေကြောင့် ခရီးသွားဧည့်သည်မလာနိုင်လို့ ကိုဗစ်ကာလ ရုန်းကန်နေရတဲ့ ဒေသခံတွေအတွက် တဖက်တလမ်းက ဝင်ငွေအခွင့်အလမ်း ရစေပါတယ်။ အဆိုပါ ခရီးစဉ်အသစ်တွေကို ဂျပန်နိုင်ငံမှာ ဧပြီလက စတင်လာခဲ့တာဖြစ်ပြီး အခုဆိုရင် ဧည့်သည်ပေါင်း ၁,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး တချို့ဆို နောက်ထပ် တကျော့ ထပ်ကြည့်ကြတဲ့သူတွေလည်း ရှိပါတယ်။
online tour အတွက် ဈေးနှုန်းတွေကတော့ ပျမ်းမျှ ဂျပန်ယန်း ၃,၀၀၀ အောက်လောက်က စတင်ကုန်ကျပါတယ်။ ခရီးသွားလုပ်ငန်း တော်တော်များများကတော့ လူဦးရေ အနည်းကျဉ်းလောက်နဲ့ တကယ် ခရီးသွားနေရသလို တိုက်ရိုက် ချိတ်ဆက် ဖန်တီးပေးထားကြတာပါ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးမသွားနိုင်သူတွေအတွက်သာမက ကျန်းမာရေး အခြေအနေကြောင့် ခရီးရှည် မသွားနိုင်သူတွေအတွက်လည်း အဆင်ပြေတာမို့ ကိုဗစ်ကာလကြီး ပြီးဆုံးသွားရင်တောင် online tour အစီအစဉ်တွေကို တောင်းဆိုသူတွေရှိလို့ ဆက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
Ref: Japan Times
You may also like these stories: