ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဖြစ်တဲ့ စိန့်ကစ်နှင့်နီးဗစ် နိုင်ငံဟာ အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ကာရစ်ဘီယံ ပင်လယ်အကြားမှာ တည်ရှိပြီး ကျွန်း ၂ ကျွန်းကို ပေါင်းစပ်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ စိန့်ကစ်နှင့်နီးဗစ် ဖက်ဒရယ်နိုင်ငံဟာ အမေရိကမှာ အကျယ်အဝန်းအားဖြင့် အသေးငယ်ဆုံးဖြစ်သလို လူဦး ရေအားဖြင့်လည်း အနည်းဆုံးနိုင်ငံပါ။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ စိန့်ကစ်နှင့်နီးဗစ် ဖက်ဒရယ်နိုင်ငံမှာ နေထိုင်သူ လူဦးရေ ၅၃,၂၄၆ ယောက်သာ ရှိပါတယ်။
မြို့တော်နဲ့ အစိုးရရုံးချုပ် တည်ရှိရာကတော့ ဘတ်စတာမြို့ဖြစ်ပြီး ကျွန်းအရွယ်အစား ပိုမိုကြီးမားတဲ့ စိန့်ကစ် ကျွန်းပေါ်မှာ တည်ရှိပါတယ်။ ပြည်နယ်ငယ်ဖြစ်တဲ့ နီးဗစ်ကတော့ စိန့်ကစ်ကျွန်းရဲ့ အရှေ့ တောင်ဘက် ၃ ကီလိုမီတာ (၂ မိုင်) အကွာမှာ တည်ရှိပါတယ်။
ကိုဗစ် ကာလအတွင်းမှာတော့ စိန့်ကစ်နှင့်နီးဗစ် ဖက်ဒရယ်နိုင်ငံမှာ ကူးစက်သူ အရေအတွက် နည်းပါးခဲ့ပြီး ၁၇ ယောက်သာ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ရောဂါကူးစက်ခံရသူတွေ အားလုံးလည်း လက်ရှိအချိန်မှာတော့ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပြီး COVID-19 ကြောင့် လူသေဆုံးမှု မရှိတဲ့ နိုင်ငံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေကစလို့ စိန့်ကစ်နှင့်နီးဗစ် ဖက်ဒရယ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အခြေအနေတွေ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အပျော်စီးသင်္ဘောနဲ့ လာရောက်ခဲ့သူ ၁ သန်းကျော် ရှိခဲ့ပါတယ်။
စိန့်ကစ်နှင့် နီးဗစ် ဖက်ဒရယ်နိုင်ငံရဲ့ ခရီးသွားဈေးကွက်မှာ အများဆုံး နေရာယူထားတာကတော့ အမေရိကန်နိုင်ငံဖြစ်သလို ခရီးသွားဈေးကွက်ရဲ့ ၇၅ ရာခိုင်နှုန် းရှိပြီး ကနေဒါနိုင်ငံက ၁၀ ရာခိုင်နှုန်းနဲ့ ယူကေက ၁၅ ရာခိုင်နှုန်း ရှိပါတယ်။
ကိုဗစ်ကာလအတွင်းမှာ စိန့်ကစ်နှင့် နီးဗစ် ဖက်ဒရယ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ ယာယီ ရပ်ဆိုင်းထားခဲ့ရပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့မှာတော့ ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာ Timothy Harris က အောက်တိုဘာလအတွင်း နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည် ဖွင့်လှစ်ပေးမှာဖြစ်ပြီး နိုင်ငံခြားသားခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုမယ်လို့ ကြေညာခဲ့ပါတယ်။
အောက်တိုဘာလကစပြီး စိန့်ကစ်နှင့် နီးဗစ် ဖက်ဒရယ်နိုင်ငံကို လေကြောင်း၊ ရေကြောင်းခရီးစဉ်တွေကနေတဆင့် နိုင်ငံခြားသား ခရီးသွားတွေ လာရောက် လည်ပတ်လို့ ရပါပြီ။
ကျွန်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့် စိန့်ကစ်နှင့်နီးဗစ် ဖက်ဒရယ်နိုင်ငံမှာ လှပတဲ့ ကမ်းခြေတွေ များပြားသလို ဒေသခံတွေကလည်း ဖော်ရွေတယ်လို့ သိရပါတယ်။ စိန့်ကစ်ကမ်းခြေ တော်တော်များများမှာတော့ လူနေထိုင်မှု သိပ်မရှိသေးတဲ့အတွက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ သဘာဝရှုခင်း အလှအပတွေကို ခံစားနေနိုင်တယ်လို့ လည်ပတ်ဖူးသူတွေက ပြောဆိုကြပါတယ်။
စိန့်ကစ် ခရီးသွားအာဏာပိုင်အဖွဲ့၊ နီးဗစ် ခရီးသွားအာဏာပိုင်အဖွဲ့ နဲ့အတူ ခရီးသွားလာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးနဲ့ အရပ်ဘက်လေကြောင်းဝန်ကြီးဌာနတွေ ပူးပေါင်းပြီး ခရီးသွားလုပ်ငန်းကဏ္ဍမှာ ပါဝင်နေတဲ့ ဝန်ထမ်းပေါင်း ၅၀၀၀ ကျော်ကို ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးသွား မယ်လို့ ဖက်ဒရယ်နိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီးဖြစ်သူ Lindsay Grant က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာလည်း လူပေါင်း ၃၀၀ နီးပါးကို သင်တန်းပေးပြီးသွားပြီလို့ သူက ပြောပါတယ်။ သင်တန်း ပေးစဉ်မှာ ခရီးသွားလုပ်ငန်းအတွက်သာမက ကျန်းမာရေးဆိုင်ရာတွေကိုလည်း ထည့်သွင်း သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
Ref: travelpulse, prnewswire
You may also like these stories:
နိုင်ငံတကာခရီးသွား ဝင်ရောက်ခွင့်ပြုမယ့် အစီအစဉ် အင်ဒိုနီးရှား ပြန်သုံးသပ်