၂ နှစ်အရွယ် ကလေး Mask မတပ်တာကြောင့် လေယာဉ်စီးခွင့် မရခဲ့တဲ့ မိသားစု
ကိုဗစ်ကာလမှာ ဘယ်နေရာကိုပဲသွားသွား Mask တပ်ဆင်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာမှာလည်း အပြင်ထွက်လို့ Mask မတပ်သူတွေကို အရေးယူပြီး ဒဏ်ငွေဆောင်ရမယ့် ဥပဒေကို ပြဋ္ဌာန်းထားပါတယ်။
အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်တဲ့အတွက် လေကြောင်းလိုင်းတွေမှာ မဖြစ်မနေ Mask တပ်ရမယ်ဆိုတဲ့ စည်းကမ်းချက်ကို ထုတ်ပြန်ထားပါတယ်။ Mask မတပ်တဲ့ ခရီးသွားတွေကိုတော့ လေကြောင်းခရီးစဉ်တွေမှာ လိုက်ပါစီးနင်းခွင့် မပြုပါဘူး။
ဘရွတ်ကလင်မြို့က အသက် ၃၉ နှစ်အရွယ် ကလေး ၆ ယောက်ရဲ့မိခင်ဖြစ်သူ Chaya Bruck ဆိုသူ ဟာ သူမရဲ့ကလေးတွေနဲ့အတူ နယူးယောက်ကနေ အော်လန်ဒိုကို သွားဖို့ JetBlue လေကြောင်းလိုင်းနဲ့ လိုက်ပါဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမရဲ့ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူဟာ လေယာဉ်ပေါ်ကို ရောက်ရှိချိန်မှာတော့ Mask တပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
အခုလို Mask တပ်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် သူမတို့ မိသားတစုလုံးဟာ လေယာဉ် စီးနင်းခွင့် မရတော့ဘဲ လေယာဉ်ပေါ်ကနေ မောင်းချခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာကတော့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကပါ။
Mask မတပ်တဲ့အတွက်ကြောင့် လေယာဉ်ပေါ်က မောင်းချခံခဲ့ရတာဟာ သူမနဲ့ သူမ မိသားစုအတွက် စိတ်ထိခိုက်စရာ တကယ် ကောင်းတယ်လို့ ABC သတင်းဌာနနဲ့ အင်တာဗျုးမှာ မိခင်ဖြစ်သူ Bruck က ဖြေကြားသွားခဲ့ပါတယ်။ သူမအနေနဲ့ လေယာဉ်ပေါ်ရောက်ရောက်ချင်း ၂ နှစ်အရွယ် သမီးငယ်ကို Mask တပ်ပေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သမီးဖြစ်သူက Mask ကို ပြန်ပြန် ဆွဲချွတ်ခဲ့တယ်လို့ သူမက ပြောပါတယ်။
လေကြောင်းလိုင်းဟာ သည်းခံမှု မူဝါဒ လုံးဝမရှိကြောင်း Bruck က ပြောကြားခဲ့ပြီး Mask ကို ဆွဲမချွတ် နိုင်ဖို့ ၂ နှစ်အရွယ်ကလေးငယ်ရဲ့ လက်တွေကို ချည်နှောင်ထားရမှာလားလို့ JetBlue လေကြောင်းလိုင်းကို သူမက မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ပါလာကြတဲ့ ခရီးသွားတွေကလည်း မိခင်နဲ့ ကလေးတွေကို လေယာဉ်ပေါ်က မောင်းချတဲ့ ဖြစ်ရပ်ဟာ တရားမျှတမှု မရှိဘူးလို့ အော်ဟစ်ခဲ့ကြတယ်လို့ ခရီးသွားတယောက်ဖြစ်သူ Anny Taveras က ABC သတင်းဌာနကို ပြောပါတယ်။
အမေရိကန်လေကြောင်းလိုင်းတွေအနေနဲ့ ခရီးသွားတွေကို မဖြစ်မနေ Mask တပ်ဆင်ဖို့ တွန်းအားပေးလျက် ရှိနေပြီး မလိုက်နာတဲ့ ခရီးသွားတွေကိုတော့ လေကြောင်းခရီးစဉ်မှာ လိုက်ပါစီးနင်းခွင့် မပြုထားပါဘူး။ အမေရိကန်နိုင်ငံရဲ့ အဓိကလေကြောင်းလိုင်းဖြစ်တဲ့ JetBlue လေကြောင်းလိုင်း အနေနဲ့ ၂ နှစ်အထက် ကလေးတွေအားလုံးကို Mask တပ်ဆင်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ် လို့ လေကြောင်းလိုင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
JetBlue လေကြောင်းလိုင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အရွယ်ရောက်ပြီးသူတွေနဲ့ ၂ နှစ်အထက် ကလေးတွေအားလုံး Mask တပ်ဆင်ဖို့ မူဝါဒကို သြဂုတ်လ ၁၀ ရက်နေ့ကစပြီး ချမှတ်ထားတယ်လို့ ပြောပါတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာရဲ့ ညွှန်ကြားချက်ထဲမှာလည်း ၂ နှစ်အောက် ကလေးတွေသာ Mask တပ်ဆင်ဖို့ မလိုဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
တခြား ခရီးသည်တယောက်ဖြစ်တဲ့ Chardette Poinsette ဆိုသူလည်း သူမရဲ့ သားငယ်နဲ့အတူ လေယာဉ်ပေါ်က မောင်းချခံခဲ့ရတယ်လို့ပြောပါတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ တခြားလေ ကြောင်းလိုင်းကနေတဆင့် အိမ်ပြန်ခဲ့ကြရတယ်လို့ သိရပါတယ်။ အခုလို လေယာဉ်ပေါ်က မောင်းချခံရတဲ့ အဖြစ်ကနေ ပြန်လည် နာလန်ထနိုင်ဖို့ သူမနဲ့ကလေးတွေဟာ အချိန်တခု လိုအပ်တယ်လို့ Bruck က ပြောပါတယ်။
Ref: abcnews
You may also like these stories: