ကိုဗစ်ကာလအတွင်းမှာ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ ကိုဗစ်အလုံခြုံဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး ကပ်ရောဂါ ကာလအတွင်း နိုင်ငံတကာ ခရီးသွားတွေအတွက်လည်း အလုံခြုံဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဂျာမနီအခြေစိုက် ခရီးသွားကုမ္ပဏီတခုဖြစ်တဲ့ Tourlane က အမျိုးမျိုးသော စံသတ်မှတ်တွေအပေါ် အခြေခံပြီး ကိုဗစ်ကာလအတွင်း ခရီးသွားတွေအတွက် အလုံခြုံဆုံးနိုင်ငံတွေရဲ့စာရင်းကို လေ့လာခဲ့ပါတယ်။
ခရီးသွားကုမ္ပဏီရဲ့ စံသတ်မှတ်ချက် အမျိုးမျိုးထဲမှာ Quarantine ၁၄ ရက် သတိပေးချက် နှုန်းထား၊ သေဆုံးမှု နှုန်းထား၊ လူဦးရေ သိပ်သည်းမှု၊ နိုင်ငံတကာ ကျန်းမာရေးဌာနက ပေးအပ်တဲ့ ရမှတ် စတာ တွေ ပါဝင်ပါတယ်။ ဂျာမနီ ခရီးသွားကုမ္ပဏီက သတ်မှတ်တဲ့ စံချိန်စံညွှန်းတွေ ဖြစ်တဲ့အတွက်ကြောင့် လည်း ဂျာမနီနိုင်ငံနဲ့ လေကြောင်းခရီးစဉ် ပျံသန်းနိုင်မှုကိုပါ လေ့လာမှုထဲ ထည့်သွင်းထားပါတယ်။
Tourlane ခရီးသွားကုမ္ပဏီရဲ့ လေ့လာချက်တွေအရ ထိုင်းနိုင်ငံဟာ COVID-19 ဖြစ်ပွားမှု နည်းပါးကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပြီး နိုင်ငံတကာ ကျန်းမာရေးဌာနက ပေးအပ်တဲ့ ရမှတ် ၈၅ မှတ် ရရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံနဲ့ တိုက်ရိုက် လေကြောင်းပျံသန်းမှု ခရီးစဉ်တွေမှာလည်း ထိုင်းနိုင်ငံက ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
သြဂုတ်လ ၂၄ ရက်မှာတော့ ထိုင်းနိုင်ငံမှာ ပြည်တွင်း ကူးစက်မှု မရှိခဲ့တာ ၈၆ ရက် ရှိလာခဲ့ပါပြီ။ ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံမှာ ကူးစက်လူနာ ၃,၃၉၇ ယောက် ၊ ကျန်းမာ ရေး ပြန်လည် ကောင်းမွန်လာခဲ့သူ ၃,၂၂၂ ယောက်နဲ့ သေဆုံးသူ ၅၈ ယောက် ရှိခဲ့ပါတယ်။
COVID-19 အကျပ်အတည်း ကာလအတွင်းမှာ Tourlane ခရီးသွားကုမ္ပဏီရဲ့ အဆင့်သတ်မှတ်ချက်က ထိုင်းနိုင်ငံကို ဂုဏ်ရည် မြင့်တက်စေခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ COVID-19 အညွှန်းကိန်းတွေအရလည်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်နှောင်းပိုင်းကစပြီး COVID-19 ပြန်လည် ထူထောင်ရေးအတွက် ကြိုးပမ်းနေကြတဲ့ နိုင်ငံပေါင်း ၁၈၄ နိုင်ငံအနက် ထိုင်းနိုင်ငံကအဆင့် ၁ နေရာမှာ ရှိနေတယ်လို့ ဖော်ပြနေပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေနဲ့ နယ်စပ်ဂိတ်တွေကို နိုင်ငံတကာခရီးသွားတွေအတွက် ပိတ်ထားဆဲပဲလို့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံဟာ COVID-19 အခြေအနေ ကောင်းမွန်လာတဲ့အတွက် နိုင်ငံတကာ ခရီးသွားတွေကို ကြိုဆို လက်ခံဖို့အသင့်ရှိနေတယ်လို့ Chiangrai Times သတင်းမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလမှာတော့ ထိုင်းနိုင်ငံမှာ ရေရှည် နေထိုင်ကြမယ့် နိုင်ငံခြားသား ခရီးသွားတွေကို ဝင် ရောက်ခွင့်ပြုသွားမယ်လို့ ထိုင်းခရီးသွားလာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြန်လည် ရှင်သန်အောင် ကြိုးစားနေရာ အခုကြေညာချက်က စမ်းသပ်မှုတခု ဖြစ်လာပါလိမ့်မယ်။
COVID-19 ကာလအတွင်း ထိုင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ အရှုံးတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ အောက်တိုဘာလမှာ ရေရှည်နေထိုင်ကြမယ့် နိုင်ငံခြားသား ခရီးသွားတွေကို ဖူးခက် တနေရာမှာသာ နေထိုင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိုင်းအစိုးရရဲ့စမ်းသပ်မှုဟာ ဖူးခက် တနေရာတည်းနဲ့သာ သက်ဆိုင်တယ်လို့ ထိုင်းခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဖူးခက်မှာ လာရောက် နေထိုင်ကြမယ့် နိုင်ငံခြားသားခရီးသွားတွေဟာ အနည်းဆုံး ရက်ပေါင်း ၃၀ နေ ထိုင်ရမှာ ဖြစ်ပါတယ်။ အခြားဒေသတွေကို မလည်ပတ်ခင်မှာတော့ ဖူးခက် ဟိုတယ်တွေမှာ Quarantine ၁၄ ရက် ဝင်ရမှာဖြစ်တယ်လို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ရဲ့ အုပ်ချုပ် ရေးမှူးဖြစ်သူ Yuthasak Supasorn က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အခု ကြေညာချက်ဟာ မိတ်ဖက်နိုင်ငံတွေနဲ့ ခရီးသွားလာရေးလုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းလိုက်ရပြီးနောက်မှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေ ယာယီ ရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းကလည်း အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်သူ အရေအတွက် များပြားလာတာကြောင့်ပါ။
အောက်တိုဘာလ ၁ ရက်နေ့မှာတော့ ဖူးခက်မှာ ကာလရှည် နေထိုင်ကြမယ့် နိုင်ငံခြားသား ခရီးသွားတွေကို ခွင့်ပြုသွားမယ်လို့ Yuthasak က ပြောပါတယ်။
ဖူးခက်ကို လာရောက် လည်ပတ်မယ့် နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ Quarantine ဝင်နေစဉ် ကာ လအတွင်း COVID-19 စစ်ဆေးမှု ၂ ခု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စစ်ဆေးမှုရလဒ် ကောင်းမွန်မှသာ ဖူး ခက်မှာရှိတဲ့ တခြားဒေသတွေကို ခရီးသွားလာခွင့်ပြုမယ်လို့ ထိုင်းနိုင်ငံ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီး Phiphat Ratchakitprakarn က ပြောပါတယ်။
ဂျာမနီအခြေစိုက် ခရီးသွားကုမ္ပဏီတခုဖြစ်တဲ့ Tourlane က အမျိုးမျိုးသော စံသတ်မှတ်တွေအပေါ် အခြေခံပြီး ကိုဗစ်ကာလအတွင်း ခရီးသွားတွေအတွက် အလုံခြုံဆုံး ၁၀ နိုင်ငံကို သတ်မှတ်ပေးခဲ့ပါ တယ်။ အဲဒီနိုင်ငံတွေကတော့ ထိုင်း၊ ဂျော်ဒန်၊ ပြင်သစ်၊ ဂရိ၊ ဥရုဂွေး၊ အီတလီ၊ ကမ္ဘောဒီးယား၊ ဂျပန်၊ အိုင်ယာလန်နဲ့ ဘော့စ်ဝါးနားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။
Ref: chiangraitimes, thethaiger
You may also like these stories:
နိုင်ငံခြားသား ၅ သောင်းအား ထိုင်းသို့ ဝင်ရောက်ခွင့်ပြု
ခရီးသွားလုပ်ငန်း ပြန်စတင်နေတဲ့ အာရှနိုင်ငံများ