ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနှစ်သစ်ကူးပွဲတော်ကို ဧပြီလရောက်တိုင်း နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ COVID-19 အကျပ်အတည်းကြောင့် ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပဖို့စီစဉ်ထားတဲ့ နှစ်သစ်ကူးပွဲတော်ကို ရွှေ့ဆိုင်းခဲ့ပြီး သြဂုတ် ၁၇ ရက်ကနေ ၂၁ ရက်နေ့အထိ ၅ ရက်ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကျင်းပခဲ့တဲ့ ခမာနှစ်သစ်ကူးပွဲတော်ကို ပြည်တွင်း၊ ပြည်ပ ခရီးသွား ၁ ဒဿမ ၄ သန်း လာရောက်ခဲ့တယ်လို့ ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ စနေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ခမာနှစ်သစ်ကူးပွဲတော်ကို ပြည်တွင်းခရီးသွား ၁ ဒဿမ ၄၄ သန်း လာရောက်ခဲ့ပြီး နိုင်ငံခြားခရီးသွား ၁၄,၀၀၀ ကျော် လာရောက်ခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ခရီးသွား သန်းနဲ့ချီ လာရောက်ခဲ့ပေမယ့် COVID-19 ကူးစက်လက္ခဏာပြသူ တယောက်မှ မတွေ့ရှိခဲ့ဘူးလို့ ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ms.Or Vandine က ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲ သူက “ပွဲတော်ကျင်းပနေချိန် ကာလအတွင်း COVID-19 ကူးစက်လူနာတွေ မတွေ့ရတာက သတင်းကောင်း တခုပါပဲ။ဒါပေမဲ့လည်း ဗိုင်းရပ်စ်ဟာ ကမ္ဘောဒီးယားနိုင်ငံက ထွက်ခွာမသွားသေးတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ဆက်လက်ပြီး နိုးနိုးကြားကြား နေထိုင်သင့်သလို ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့လည်း ကြိုတင်ကာကွယ်ရေး စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်”လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနရဲ့ လေ့လာမှုတွေအရလည်း ပြည်တွင်းကူးစက်မှု မရှိသေးဘူး လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ကူးစက်လူနာ ၂၇၃ ယောက်၊ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့သူ ၂၆၃ ယောက် ရှိပြီး သေဆုံးလူနာ မရှိသေးပါဘူး။
ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူကလည်း ၉၆ ဒဿမ ၃၄ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဆေးကုသမှု ဆက်လက်ခံယူနေရသေးတဲ့ ကျန်လူနာ ၁၀ ယောက်ရဲ့ ကျန်းမာရေး အခြေအနေကလည်း ကောင်းမွန်နေတယ်လို့ Ms.Vandine က ပြောပါတယ်။
ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Top Sopheak ကလည်း ပြီးခဲ့တဲ့ရက် သတ္တပတ်အစောပိုင်းကပဲ ခမာနှစ်သစ်ကူးပွဲတော်ကို ပြည်တွင်း၊ ပြည်ပခရီးသွားတွေ လာရောက်လေ့ ရှိကြတဲ့အတွက် နိုင်ငံတဝှမ်း အနည်းဆုံးအပန်းဖြေစခန်း ၅၅၇ ခုကို COVID-19 စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။
စည်းကမ်းချက်တွေကို လိုက်နာတဲ့အတွက်ကြောင့် လူသန်းချီ လာရောက်ခဲ့တဲ့ ခမာနှစ်သစ်ကူးပွဲတော်မှာ ကူးစက် လူနာသစ် တယောက်မှ မတွေ့ရှိခဲ့ပါဘူး။
ဒါကြောင့်လည်း တိုင်းသူပြည်သားတွေရဲ့ ကြိုတင် ကာကွယ်မှု ဆောင်ရွက်ခြင်း အပါအဝင် ဒေသခံ အာဏာပိုင်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အထူးသဖြင့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန် ထမ်းတွေအနေနဲ့ ပြည်တွင်း ကူးစက်မှုကို တားမြစ်နိုင်ခဲ့တဲ့အတွက်ကြောင့် ကျေးဇူးတင်ရှိကြောင်း Ms.Vandine က ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ရဲ့ ဝဘ်ဆိုက်မှာလည်း ပွဲတော် ကျင်းပနေချိန် ကာလအတွင်း အန္တရာယ် တစုံတရာ ပေါ်ပေါက်တာမျိုး မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ COVID-19 ကြောင့် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ဗီယက်နမ်၊ ထိုင်း၊ လာအို နယ်စပ်စစ်ဆေးရေး ဂိတ်တွေကနေတဆင့် ခရီးသွားလာခွင့်ကို ယာယီ ပိတ်ထားပေမယ့် ကုန်ပစ္စည်းဖလှယ်ရေးအတွက်တော့ နယ်စပ်စစ်ဆေးရေး ဂိတ်တွေကို အသုံးပြုခွင့်ပေးထားပါတယ်။
Ref: xinhuanet, khmertimeskh
You may also like these stories:
နယူးဇီလန်နဲ့ ဘရူနိုင်းက ခရီးသွားတွေကို စင်ကာပူသို့ ဝင်ရောက်ခွင့်ပြုမည်
ကမ္ဘာ့ ကိုဗစ်အလုံခြုံဆုံး နိုင်ငံစာရင်းမှာ ထိုင်းနိုင်ငံ ထိပ်ဆုံးက ရပ်တည်
ကော့စတာရီကာနိုင်ငံသို့ အမေရိကန်၊ ပြည်နယ် ၆ ခုမှ ခရီးသွားများအား ဝင်ခွင့်ပြု