ကိုဗစ်ကာလအတွင်း ကန့်သတ်ထားခဲ့တဲ့ ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ပြန်လည် လျှော့ပေါ့တဲ့ အနေနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလာခွင့်ကို စက်တင်ဘာအစောပိုင်းမှာ ပြန်လည် ခွင့်ပြုပေးသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ သဘောတူခဲ့ကြပါတယ်။
ဒီသဘောတူညီချက်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သဘောတူ လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
ဂျပန် – မြန်မာ နှစ်နိုင်ငံအနေနဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် ကာလအတွင်းမှာပဲ နှစ်နိုင်ငံကို ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေနဲ့ နှစ်နိုင်ငံအတွင်း ရေရှည်နေထိုင်ကြသူတွေကို ခရီးသွားလာခွင့်ပြုဖို့ အပြန်အလှန် သဘောတူညီခဲ့ကြပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူဟာ မြန်မာနိုင်ငံအပါအဝင် ပါပူဝါနယူးဂီနီ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံကို အလည်အပတ် သွားရောက် ဖို့စီစဉ်ထားပြီး အလည်အပတ် ခရီးစဉ်အနေနဲ့ အင်္ဂါနေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
၄ နိုင်ငံခရီးစဉ်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi က နိုင်ငံရေးခေါင်းဆောင်တွေကို စီးပွားရေးနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံဟာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း အွန်လိုင်းသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံပေါင်း ၁၄၆ နိုင်ငံကို ခရီးသွားလာခွင့် ပိတ်ပင်ထားခဲ့ပြီး ပြည်တွင်းစီးပွားရေး ပြန်လည် စတင်မှုနဲ့အတူ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံနဲ့ အပြန်အလှန် ခရီးသွားလာခွင့်ပြုဖို့ ဆွေးနွေးခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာအပါအဝင် စင်ကာပူ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ နိုင်ငံတွေနဲ့လည်း စက်တင်ဘာအစောပိုင်းကစပြီး အပြန်အလှန် ခရီးသွားလာခွင့်ပြုဖို့ သြဂုတ်လအတွင်းမှာပဲ သဘော တူညီမှုရခဲ့ပါတယ်။
မြန်မာ – ဂျပန် သဘောတူညီချက်အရ နှစ်နိုင်ငံမှာ ရေရှည် နေထိုင်ကြမယ့် နိုင်ငံသားတွေကို ခရီး သွားလာခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာနိုင်ငံကို ရောက်ရှိချိန်မှာတော့ Quarantine ၁၄ ရက် သို့မဟုတ် Stay Home နေကြရမှာ ဖြစ်ပါတယ်။
Ref: kyodonews
You may also like these stories:
ခမာနှစ်သစ်ကူးပွဲတော်ကို ခရီးသွား ၁ သန်းခွဲနီးပါး လာရောက်
နယူးဇီလန်နဲ့ ဘရူနိုင်းက ခရီးသွားတွေကို စင်ကာပူသို့ ဝင်ရောက်ခွင့်ပြုမည်
ကမ္ဘာ့ ကိုဗစ်အလုံခြုံဆုံး နိုင်ငံစာရင်းမှာ ထိုင်းနိုင်ငံ ထိပ်ဆုံးက ရပ်တည်