ထိုင်းနိုင်ငံမှာ ရေရှည် နေထိုင်မယ့် နိုင်ငံတကာ ခရီးသွားတွေကို အောက်တိုဘာလကစပြီး ပြည်ဝင်ခွင့်ပြုသွားမယ်လို့ ထိုင်းနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနက ကြေညာခဲ့ကြောင်း ထိုင်းအစိုးရ အကြီးတန်း အရာရှိတဦးက ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းကလည်း ဟိုတယ်တွေမှာ လူတည်းခိုမှု မရှိသလောက် ဖြစ်နေပြီး ပိတ်လုနီးပါး အခြေအနေကို ရောက်ရှိနေတဲ့အတွက် နိုင်ငံခြားသား ခရီးသွားတွေကို ပြန်လည် ဝင်ရောက်ခွင့်ပြုဖို့ ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
တကမ္ဘာလုံးဆိုင်ရာ လေ့လာတွေ့ရှိမှုတွေအရလည်း ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းနဲ့ အပန်းဖြေလုပ်ငန်းတွေကို ပြန်လည် စတင်ဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ COVID-19 ကာလအတွင်း ဆုံးရှုံးသွားတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ အောက်တိုဘာလ ၁ ရက်နေ့မှာ နိုင်ငံခြားသားခရီးသွားတွေကို ပြည်ဝင်ခွင့်ပြုမယ့် စမ်းသပ်ချက် ဆောင်ရွက်သွားမှာဖြစ်ပြီး စမ်းသပ်ချက်ကလည်း ဖူးခက်ဒေသ တခုတည်းနဲ့သာ သက်ဆိုင်တယ်လို့ သိရပါတယ်။
ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲ့အုပ်ချုပ်ရေးမှူးဖြစ်သူ Yuthasak Supasorn ကလည်း ထိုင်းနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ အနည်းဆုံး ရက်ပေါင်း ၃၀ နေထိုင်ရမှာဖြစ်ပြီး တခြားဒေသတွေကို မလည်ပတ်ခင်အချိန်မှာတော့ ဟိုတယ်နဲ့ ဟိုတယ်အနီး ဝန်းကျင်မှာ Quarantine ၁၄ ရက် ဝင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်မှု မြင့်တက်လာပြီးနောက်ပိုင်း ထိုင်းအစိုးရက မူလစီစဉ်ထားတဲ့ ခရီးသွားလာရေးဆိုင်ရာ အစီအစဉ်တွေကို ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းခရီးသွားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ကြမယ့် နိုင်ငံခြားခရီးသွားတွေကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့်ပြုသွားဖို့ သတ်မှတ်ထားကြောင်း Yuthasak က ပြောပါတယ်။
ဖူးခက်မှာ Quarantine ဝင်နေချိန်မှာတော့ COVID-19 စမ်းသပ်မှု ၂ ကြိမ် ပြုလုပ်ရမှာဖြစ်ပြီး ရောဂါ ကင်းရှင်းကြောင်း သက်သေပြနိုင်မှသာ ကျွန်းမှာရှိတဲ့ တခြားဒေသတွေကို လည်ပတ်နိုင်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဖြစ်သူ Phiphat Ratchakitprakarn က ပြောပါတယ်။
နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ ကိုဗစ် စစ်ဆေးမှုတွေကို ထပ်မံပြုလုပ်ရမှာဖြစ်ပြီး ဖူးခက်မှာ ရက်သတ္တပတ် အနည်းငယ် နေထိုင်ပြီး နောက်ပိုင်းမှ ထိုင်းနိုင်ငံရဲ့ တခြားဒေသတွေကို လည်ပတ်နိုင်မယ်လို့ သိရပါတယ်။
ဖူးခက် စမ်းသပ်ချက် အောင်မြင်သွားခဲ့ရင်တော့ ချင်းမိုင်၊ ချင်းရိုင်၊ ချောင်ဘူရီ၊ အူဘန်ရာချာသာနီ၊ အူဒုန်သနီကိုလည်း စမ်းသပ် လုပ်ဆောင်သွားမယ်လို့ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးက ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ဧပြီလကတည်းက နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုကို ယာယီ ကန့်သတ်ထားခဲ့ပါတယ်။
Ref: chiangraitimes, thethaiger
You may also like these stories:
စက်တင်ဘာလကစပြီး ဂျပန် – မြန်မာ အပြန်အလှန် ခရီးသွားနိုင်မည်
ခမာနှစ်သစ်ကူးပွဲတော်ကို ခရီးသွား ၁ သန်းခွဲနီးပါး လာရောက်
နယူးဇီလန်နဲ့ ဘရူနိုင်းက ခရီးသွားတွေကို စင်ကာပူသို့ ဝင်ရောက်ခွင့်ပြုမည်