ကိုဗစ်ကာလအတွင်း ကန့်သတ်ခဲ့တဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကို ပြန်လည် လျှော့ပေါ့တဲ့ အနေနဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံနဲ့ အပြန်အလှန် ခရီးသွားခွင့်ပြုဖို့ ဂျပန်အစိုးရကဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဂျပန် – လာအို အပြန်အလှန် ခရီးသွားခွင့်ကို စက်တင်ဘာလ အစောပိုင်းမှာ စတင်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။ သဘောတူညီချက်အရ နှစ်နိုင်ငံကို ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေအနေနဲ့ နှစ်နိုင်ငံမှာ ရေရှည်နေထိုင်ကြသူတွေဟာ အပြန်အလှန် ခရီးသွားလာခွင့် ရရှိကြမှာ ဖြစ်ပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ဟာ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန် ခရီး သွားလာခွင့်ကို သဘောတူညီခဲ့ကြတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။
သဘောတူညီမှုအရ ရေရှည် နေထိုင်သူတွေအနေနဲ့ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားနိုင်မှာဖြစ်သလို စီးပွားရေးခရီးစဉ်တွေ ပြန်လည် စတင်သွားနိုင်ဖို့ သံတမန် လမ်းကြောင်းကနေတဆင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။
နှစ်နိုင်ငံ ခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံကို ရောက်ရှိတဲ့အချိန်မှာ COVID-19 ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံစာ ပြသရမှာ ဖြစ်သလို Stay Home ၁၄ ရက် နေထိုင်ရမယ်လို့ သိရပါ တယ်။ နှစ်နိုင်ငံ ခရီးသွားတွေအနေနဲ့ COVID-19 စည်းကမ်းချက်တွေနဲ့ လိုက်လျောညီထွေ နေထိုင် တတ်ဖို့ လိုအပ်သလို ခရီးသွားနေချိန်မှာလည်း ကျန်းမာရေး အာမခံ ရှိနေဖို့ လိုပါတယ်။
လာအိုနိုင်ငံဟာ COVID-19 ကူးစက်သူ အရေအတွက် နည်းပါးခဲ့တဲ့အတွက်ကြောင့် ဂျပန်အစိုးရက ခရီးသွားလာခွင့် လျှော့ချပေးခဲ့တဲ့ နိုင်ငံ ၁၆ နိုင်ငံမှာ ပါဝင်နိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံပေါင်း ၁၄၆ နိုင်ငံကို ခရီးသွားလာခွင့် ကန့်သတ်ထားဆဲပါပဲ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဟာ ပါပူဝါနယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟာ ဂျပန်အစိုးရရဲ့ ပညာတော်သင်ဆုနဲ့အတူ လာအို ကျောင်းသားတွေ ဂျပန်နိုင်ငံကို အမြန်ဆုံး လာရောက်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ လာအို နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့ပါတယ်။
Ref: ttrweekly, kyodonews
You may also like these stories:
ခရီးသွားလာခွင့် ကန့်သတ်ချက်များ ရုတ်သိမ်းမှု ပိုများလာ
အောက်တိုဘာလကစပြီး နိုင်ငံခြားခရီးသွားများကို ထိုင်းသို့ ဝင်ရောက်ခွင့်ပြုမည်