ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှု မရှိခဲ့တာ ရက်ပေါင်း ၉၀ ကျော် ကြာလာပြီးတဲ့နောက်မှာတော့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းမှာလည်း ခရီးသွားလုပ်ငန်းက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့်လည်း ကိုဗစ်ကာလအတွင်း ကန့်သတ်ထားခဲ့တဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကို ပြန်လည် ဖြေလျှော့သွားဖို့ ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကလည်း ထိုင်းနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသား ခရီးသွားတွေ လည်ပတ်ဖို့ သင့်တော်တဲ့ ဒေသတွေကို ထိုင်း COVID-19 အန္တရာယ် အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနချုပ်နဲ့ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့မှာတော့ အပြည်ပြည်ဆိုင်ရာ ထိုင်းလေကြောင်းလိုင်းက ဖူးခက်နဲ့ အခြား ၆ နိုင်ငံကို စီးလုံးငှား လေကြောင်းခရီးစဉ်တွေ ပြန်လည် စတင်သွားမယ်လို့ ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။
ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ အပြန်အလှန် ပျံသန်းမယ့် နိုင်ငံတွေကတော့ ဒိန်းမတ်၊ ဂျာမနီ၊ အင်္ဂလန်၊ ကိုရီးယား၊ ဂျပန်နဲ့ ဟောင်ကောင်ဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းလောက်မှာ စတင်ပျံသန်းနိုင်မယ်လို့ လေကြောင်းလိုင်းရဲ့ ယာယီအုပ်ချုပ်ရေးမှူးဖြစ်သူ Chansin Treenuchagron က ပြောကြားခဲ့ပါတယ်။
ခရီးသည်တွေပေါ် မူတည်ပြီး လေကြောင်းခရီးစဉ်ကို တလမှာ ၂ ကြိမ်၊ ဒါမှမဟုတ် ၂ ကြိမ်ထက် ပိုပြီး ပျံသန်းပေးသွားမယ်လို့ သူက ပြောပါတယ်။ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအနေနဲ့ အဆိုပါ ၆ နိုင်ငံအပြင် ဖူးခက်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တရုတ်နိုင်ငံရဲ့ ဒေသချို့ကိုလည်း လေကြောင်းခရီးစဉ် ပျံသန်းနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
လေကြောင်းခရီးစဉ်တွေ ပြန်လည် စတင်ချိန်မှာတော့ ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေ အား လုံးကို COVID-19 ကူးစက်မှု အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အကောင်းဆုံး ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးအပ်သွားမယ်လို့ Mr.Chansin က ပြောပါတယ်။
လေကြောင်းခရီးစဉ် စတင်ချိန်မှာတော့ နိုင်ငံတကာမှာ လိုက်နာနေကြရတဲ့ COVID-19 စည်းကမ်းချက်တွေ အားလုံးကို ခရီးသွားတွေနဲ့ လေယာဉ် အမှုထမ်းတွေက လိုက်နာသွားရပါမယ်။ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှု စတင်ခဲ့ပြီးနောက်ပိုင်း ထိုင်းလေကြောင်းအာဏာပိုင်တွေက လေကြောင်း ပျံသန်းမှုကို ဧပြီလကတည်းက ယာယီ ကန့်သတ်ထားခဲ့ပါတယ်။
Ref: thephuketnews, thethaiger
You may also like these stories:
ဂျပန် – လာအို ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်မည်
ထိုင်းမှာ နိုင်ငံခြားသား ခရီးသွားများကို လူဦးရေ ကန့်သတ်ချက်ဖြင့် လက်ခံဖို့ စီစဉ်
အောက်တိုဘာလကစပြီး နိုင်ငံခြားခရီးသွားများကို ထိုင်းသို့ ဝင်ရောက်ခွင့်ပြုမည်