စက်တင်ဘာလ ၁ ရက်နေ့ကစပြီး နိုင်ငံတချို့ကို စင်ကာပူနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမယ်လို့ စင်ကာပူ အစိုးရက ကြေညာခဲ့ပါတယ်။ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင် အစီရင်ခံစာထဲမှာတော့ COVID-19 ရောဂါကို ထိန်းချုပ်ထားနိုင်တဲ့ နိုင်ငံတချို့ကို ခရီးသွားလာခွင့်ပြုသွားမယ်လို့ ဖော်ပြထားပါတယ်။
ပြည်ဝင်ခွင့်ပြုမယ့် နိုင်ငံစာရင်းမှာ နယူးဇီလန်နဲ့ ဘရူနိုင်းနိုင်ငံလည်း ပါဝင်ပါတယ်။ စင်ကာပူကနေ အဆိုပါ ၂ နိုင်ငံကို သွားရောက် လည်ပတ်လိုသူတွေကိုလည်း စင်ကာပူအစိုးရက ခွင့်ပြုသွားမယ်လို့ သိရပါတယ်။
COVID-19 ထိန်းချုပ်နိုင်မှုပေါ် မူတည်ပြီး ပြည်ဝင်ခွင့်ပြုမယ့် နိုင်ငံစာရင်းဟာ အပြောင်းအလဲ ရှိနိုင်တယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ရွေးချယ်ထားတဲ့ နိုင်ငံတွေက ခရီးသွားတွေဟာ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး စင်ကာပူနိုင်ငံမှာ Quarantine ၁၄ ရက် ဝင်စရာ မလိုဘဲ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ထိုင်း – စင်ကာပူနိုင်ငံရဲ့ စီးပွားရေး အလားအလာတွေကို နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဖြစ်တဲ့ Busaya Mathelin နဲ့ Chee Wee Kiong တို့ ဗီဒီယိုကွန်ဖရင့်ကနေ တွေ့ဆုံဆွေးနွေးမှုမှာ စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်နေတဲ့ခရီးသွားတွေကို ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချပေးဖို့ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
နှစ်နိုင်ငံ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးပွဲအပြီးမှာတော့ စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ခရီးသွားလုပ် ငန်းတွေ လွယ်ကူ ချောမွေ့စေဖို့ ဆက်လက် ဆွေးနွေးသွားမယ်လို့ ဝန်ကြီးဌာနရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ စင်ကာပူ ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း စင်ကာပူ ခရီးသွား ၁ သန်းကျော် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပါတယ်။ အာဆီယံ နိုင်ငံတွေထဲမှာဆိုရင် မလေးရှားနဲ့ လာအိုပြီးရင် စင်ကာပူ ခရီးသွားတွေဟာ တတိယ အကြီးမားဆုံး ခရီးသွားဈေးကွက်နေရာမှာ ရှိနေပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဂျပန်၊ ဟောင်ကောင် စတဲ့ နိုင်ငံတွေနဲ့ ခရီးသွားလုပ်ငန်း ပြန်လည် စတင်ဖို့ ပြင်ဆင်နေချိန်မှာပဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့နဲ့လည်း ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချဖို့ ပြင်ဆင်နေပါတယ်။
Ref: Bangkokpost
You may also like these stories:
အမေရိကန်ခရီးသွားတွေကို လာရောက်ခွင့် ပိတ်ပင်ထားတဲ့နိုင်ငံမျာ
ပြည်ပပြန် စင်ကာပူနိုင်ငံသားများ Quarantine ၁၄ ရက် နေရမည်