အမေရိကန်နိုင်ငံက အဓိက လေကြောင်းလိုင်းတခုဖြစ်တဲ့ Delta Air Lines ပေါ်မှာ စီးနင်းမယ့် ခရီးသည်တိုင်း နှာခေါင်းစည်း Mask တပ်ရမယ့် မူဝါဒ ထုတ်ပြန်ထားပါတယ်။ အစာစားချိန်နဲ့ ရေသောက်ချိန်က လွဲလို့ ခရီးစဉ် တလျှောက်လုံး Mask တပ်ထားရမှာပါ။
Delta Air Lines တာဝန်ရှိသူတွေဘက်က အဆိုပါ မူဝါဒကို ချိုးဖောက်ပြီး Mask တပ်ဖို့ ငြင်းဆန်တဲ့ ခရီးသည် အယောက် ၂၅၀ ကျော်ကို လိုက်ပါခွင့် တားမြစ်ခဲ့တယ်လို့ သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
“ရှားရှားပါးပါး ဆိုပေမယ့် ကျနော်တို့ လေကြောင်းလိုင်းနဲ့ လိုက်ပါ စီးနင်းမယ့် ခရီးသည် အားလုံး Mask တပ်ဖို့ လိုပါတယ်။ တကယ်လို့ မတပ်ဘူး ငြင်းနေရင် စီးနင့်ခွင့်မပြုတဲ့ စာရင်းထဲ ထည့်လိုက်တယ်” လို့ Delta CEO Ed Bastian က ဆိုပါတယ်။
Delta Air Lines ဘက်က ချမှတ်ထားတဲ့ ပေါ်လစီကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတာကြောင့် ခရီးသည်ဟာ Check-In ကောင်တာကနေ စတင် Mask တပ်လာရမှာ ဖြစ်ပါတယ်။ ဒါကလည်း လတ်တလော ကာလအတွင်း လေကြောင်းလိုင်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြားက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မလာအောင် ကာကွယ်ထားပြီး စီးပွားရေး ပုံမှန် လည်ပတ်ခွင့်ရအောင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ဇွန်လကနေ စတင် ပျံသန်းခွင့်ပြန်ရလာတဲ့ Delta လေကြောင်းလိုင်းမှာ ချမှတ်ထားတဲ့ Mask ပေါ်လစီကို လိုက်နာမှု မရှိတဲ့ ခရီးသည်တွေ အစောပိုင်းလတွေမှာ ၁၀၀ ကျော် ရှိခဲ့ပြီး အခုတော့ ၂ ဆလောက် ရှိလာတယ်လို့ ဆိုပါတယ်။ “ခရီးစဉ်အတွင်း Mask မတပ်ဘဲ ငြင်းဆန်နေတဲ့ ခရီးသည် ဇူလိုင်လအတွင်း ၁၀၀ ကျော်လောက်ပဲ ရှိခဲ့တယ်” လို့ တာဝန်ရှိသူ တဦးက ပြောပြပါတယ်။
အခုလို Mask တပ်ရမယ့် စည်းမျဉ်းကို ချိုးဖောက်ထားတဲ့ မည်သည့် ခရီးသည်မဆို နောင်ခရီးစဉ်တွေမှာလည်း လိုက်ပါခွင့် ပိတ်သိမ်းသွားမယ်လို့ လေကြောင်းလိုင်းဘက်က ထုတ်ပြန်ထားပါတယ်။
“COVID-19 အခြေအနေကနေ ပြန်ကောင်းလာဖို့ဆိုရင် လုံခြုံ စိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ အားလုံး အတူတကွ ပူးပေါင်းပါဝင်ရမှာပါ။ လေဆိပ်တွေ၊ လေယာဉ်တွေနဲ့ အလုပ်ခွင် လုံခြုံစိတ်ချဖို့ အားလုံးမှာ တာဝန် ရှိပါတယ်” လို့ ဝန်ထမ်း Bastian က ဆိုပါတယ်။
ဖက်ဒရယ် အစိုးရဘက်ကတော့ Mask တပ်ရမယ့် စည်းမျဉ်းကို ကားစီးရင် လုံခြုံရေးခါးပတ် တပ်ရသလို၊ လေယာဉ်ပေါ်မှာ ဆေးလိပ် မသောက်ဖို့ တားမြစ်ထားတာမျိုးလို အကောင်အထည် မဖော်နိုင်သေးပါဘူး။ ဒါကြောင့်လည်း လေကြောင်းလိုင်းတွေဘက်က စည်းမျဉ်းသစ်တွေ ထုတ်ပြန်ပြီး ခရီးသည်တွေကို ကန့်သတ် ထိန်းချုပ်နေရပါတယ်။
အမေရိကန်မှာ COVID-19 ကူးစက်သူ အရေအတွက်ဟာ နေ့စဉ် ပျမ်းမျှ ၅ သောင်းကနေ ၁ သိန်းကြားရှိပြီး လက်ရှိအချိန်ထိ စုစုပေါင်း ၆,၂၁၁,၇၉၆ ကျော်ရှိကာ သေဆုံးသူ ၁၈၇,၇၃၆ ဦး ရှိသွားပြီဖြစ်ပါတယ်။
Ref: edition.cnn
You may also like these stories:
ထိုင်း – စင်ကာပူ ခရီးသွားလာခွင့် ကန့်သတ်ချက် လျှော့ချဖို့ ဆွေးနွေးနေ
နိုင်ငံအချို့နှင့် ထိုင်းလေကြောင်းခရီးစဉ် ပြန်လည် စတင်မည်
ဂျပန် – လာအို ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်မည်