စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ဂျပန် – ထိုင်ဝမ်နိုင်ငံမှာ ရေရှည်နေထိုင်ကြမယ့် ခရီးသွားတွေကို ခရီး သွားလာခွင့်ပြုလိုက်ကြောင်း ဂျပန်အစိုးရ စက်တင်ဘာ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဂျပန်အစိုးရအနေနဲ့ ထိုင်ဝမ်အပြင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာနိုင်ငံနဲ့လည်း အပြန်အလှန် ခရီးသွားဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါကြောင့်လည်း စက်တင်ဘာ ၈ ရက်နေ့ကစပြီး ခရီးသွားခွင့် အပြန်အလှန် သဘောတူထားတဲ့ နိုင်ငံသားတွေအနေနဲ့ ခရီးသွားလာခွင့် ရရှိတော့မှာပဲ ဖြစ်ပါတယ်။
ခရီးသွားတွေအနေနဲ့ COVID-19 ကြိုတင် ကာကွယ်ဖို့ လိုအပ်သလို သက်ဆိုင်ရာ နိုင်ငံတွေကို ရောက်ရှိချိန်မှာလည်း သီးခြား ၁၄ ရက် နေထိုင်ရမယ်လို့ သိရပါတယ်။ ဂျပန်အစိုးရအနေနဲ့ ရေတို စီးပွားရေးလုပ်ငန်းခရီးစဉ်တွေအပြင် ရေရှည် နေထိုင်သူတွေအတွက် ကန့်သတ်ချက်ကို လျှော့ချပေးဖို့ အဆိုပါနိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အပြန်အလှန် ခရီးသွားခွင့် သဘောတူညီချက်အရ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်မှာ ဖြစ် သလို COVID-19 ကာကွယ်ရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ပြောပါတယ်။
ကန့်သတ်ချက်တွေကို လျှော့ချပေးလိုက်တဲ့အတွက် ဂျပန်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ပြန်လည် ထူထောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း၊ ကပ်ရောဂါကြောင့် ရပ်တန့်ထားခဲ့ရတဲ့ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို မြှင့်တင်သွားနိုင်မှာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ခရီးသွားလာခွင့် သဘောတူညီခဲ့ပေမယ့် အမေရိကန်၊ တရုတ်၊ ဥရောပနိုင်ငံအားလုံး အပါအဝင် နိုင်ငံပေါင်း ၁၅၉ နိုင်ငံကိုတော့ ခရီးသွားလာခွင့် ကန့်သတ်ထားဆဲပါပဲ။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ သြဂုတ်လအတွင်း ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနဲ့ မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး စက်တင်ဘာလကစလို့ ရေရှည်နေထိုင်သူတွေကို အပြန်အလှန် ခရီးသွားခွင့်ပြုဖို့ ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံအလိုက် ဆွေးနွေးခဲ့စဉ်မှာလည်း ဂျပန်နိုင်ငံဟာ စီးပွားရေး နာလန်ထမှုကို အဓိက ဦးစားပေးအဖြစ်ဆောင်ရွက်နေကြောင်း နိုင်ငံခြားသားတွေနဲ့ ရေရှည်နေထိုင်ကြမယ့် ခရီးသွားတွေအတွက် ခရီးသွားလုပ်ငန်း ပြန်လည် စတင်ဖို့ မူဝါဒတွေ ချမှတ်သွားမှာဖြစ်ကြောင်းနဲ့ ရေတိုစီးပွားရေး ခရီးစဉ်တွေကို ခွင့်ပြုသွားမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
Ref: Bangkokpost
You may also like these stories:
Mask မတပ်ရင် လေယာဉ်စီးခွင့်မပြုတဲ့ အမေရိကန် Delta Air Lines
ဂျပန် – လာအို ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်မည်