တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့်လည်း နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း ဘန်ကောက်မြို့ တရုတ်သံရုံးက အကြီးတန်း အရာရှိတယောက်က ပြောကြားလိုက်ပါတယ်။
မကြာသေးခင် ရက်ပိုင်းလောက်ကပဲ တရုတ် ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ခဲ့ပေမယ့် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုကိုတော့ ထိန်းချုပ်ထားဆဲပါပဲ။
တရုတ်နိုင်ငံအနေနဲ့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုကို ထိန်းချုပ်ထားသလို တရုတ်နိုင်ငံသားတွေ ပြည်ပ ထွက်လည်ပတ်တာမျိုးကိုလည်း အစိုးရက တိုက်တွန်းထားခြင်း မရှိသေးကြောင်း ဘန်ကောက်မြို့ တရုတ်သံရုံးရဲ့ လက်ထောက် အကြီးအကဲ Yang Xin က ပြောပါတယ်။
တရုတ်ခရီးသွားတွေ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ချင်တယ်ဆိုရင်တောင် ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံခြားသား ခရီးသွားတွေကို ကြိုဆိုဖို့ အဆင့်သင့်မဖြစ်သေးကြောင်း Nation Multimedia Group နဲ့ သီးသန့် အင်တာဗျူး အစီအစဉ်မှာ Yang Xin က ဖြေကြားခဲ့ပါတယ်။
အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်မယ့် နိုင်ငံခြားသား ခရီးသွား ၂၀၀ ကို ပြည်တွင်း ဝင်ရောက်ခွင့်ဖို့ပြုဖို့ ထိုင်းအစိုးရ ပြင်ဆင်နေပေမယ့် COVID-19 ကြောင့် ခရီးသွားကဏ္ဍတွေ အားလုံး ပြန်လည်ပတ်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ နှစ်စဉ် တရုတ်ခရီးသွား သန်း ၄၀ ကျော် နိုင်ငံတကာကို သွားရောက် လည်ပတ်လေ့ရှိတဲ့အနက် ထိုင်းနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသွားက ၁၀ သန်း ရှိပါတယ်။
တရုတ်အစိုးရကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို တရုတ်နိုင်ငံတွင်း လာရောက်ဖို့ ခွင့်ပြုထားပါ တယ်။ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေကို Quarantine ၁၄ ရက်ဝင်ဖို့ မသတ်မှတ်ထားပေ မယ့် စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ နေရာတွေကို သွားရောက်ခွင့်ပြုထားတယ်လို့ Yang က ပြောပါတယ်။
တရုတ်အစိုးရအနေနဲ့ COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ၈ လနီးပါး ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေကိုလည်း နိုင်ငံတဝှမ်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ တရုတ်အစိုးရရဲ့ ပစ်မှတ်က စီးပွားရေး မဟုတ်ဘဲ နိုင်ငံသားတွေ အလုပ်အကိုင် ရရှိရေးနဲ့ အဆင့်အတန်းရှိရှိ နေထိုင်နိုင်ရေးသာဖြစ်တယ်လို့ Yang က ပြောပါတယ်။
Ref: thejakartapost
You may also like these stories:
စက်တင်ဘာ ၈ ရက်နေ့ကစပြီး ဂျပန် – ထိုင်ဝမ် အပြန်အလှန် ခရီးသွားခွင့်ပြု
အီတလီကမ်းခြေက သဲခိုးယူခဲ့တဲ့ ပြင်သစ်ခရီးသွား ဒဏ်ငွေရိုက်ခံရ
ဗီယက်နမ် နိုင်ငံတကာ လေကြောင်းလိုင်းများ ပျံသန်းရန် ပြင်ဆင်