COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေ လဲပြိုမှုနဲ့အတူ ခရီးသွားလုပ်ငန်းတွေလည်း လဲပြိုခဲ့ရပါတယ်။ ကပ်ရောဂါကာလအတွင်း အမေရိကန်နိုင်ငံအနေနဲ့ တရက်ကို ဒေါ်လာ ၄၁၅ သန်း ဆုံးရှုံးနေပြီး ရက်သတ္တပတ် ၁ ပတ်ကို ဒေါ်လာ ၃ ဘီလီယံအထိ ဆုံးရှုံးနေရပါတယ်။
World Travel & Tourism Council (WTTC) ရဲ့ နောက်ဆုံး လေ့လာချက် စစ်တမ်းအရ အမေရိကန်နိုင်ငံအနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားလုပ်ငန်းက ဝင်ငွေ မပါဝင်ဘဲ ဒေါ်လာ ၁၅၅ ဘီလီယံ ဆုံးရှုံးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ နိုင်ငံတကာ ခရီးသွားတွေကနေ ဝင်ငွေ ဒေါ်လာ ၁၉၅ ဒသမ ၁ ဘီလီယံ ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန် နိုင်ငံဟာ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားတွေဆီကနေ တလကို ဒေါ်လာ ၁၆ ဒသမ ၃ ဘီလီယံ ရရှိခဲ့ပြီး ရက်သတ္တပတ် ၁ ပတ်ကို ၃ ဒသမ ၇ ဘီလီယံ ရရှိခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းတွေကနေ ရရှိတဲ့ တရက်ဝင်ငွေက ၂၀၁၉ ခုနှစ်အတွင်း ဒေါ်လာ ၅၃၄ ဒသမ ၅ သန်းအထိ ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန် ခရီးသွားလုပ်ငန်းတွေက လူပေါင်း ၁၆ ဒသမ ၈ သန်းကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမား အတိုင်းအတာနဲ့ ဆိုရင်လည်း နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်သူ ၁၀ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
WTTC ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ခုနှစ်၊ ကိုဗစ် ကပ်ရောဂါကာလအတွင်း အမေရိကန် စီးပွားရေး ကျဆင်းမှုနဲ့အတူ အလုပ်လက်မဲ့ ၁၂ ဒသမ ၁ သန်းနီးပါး ရှိလာနိုင်ပါတယ်။
WTTC ရဲ့ နောက်ဆုံးဖော်ပြထားတဲ့ အစီရင်ခံစာအရ စီးပွားရေးကျဆင်းမှုကြောင့် အမေရိကန် နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေမှာ မှီခိုနေရသူ သန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်နေကြပြီး ကိန်းဂဏန်းတွေဟာ စိုးရိမ်စရာ ကောင်းလာတယ်လို့ WTTC ရဲ့ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Gloria Guevara က ပြောပါတယ်။
တဆက်တည်းမှာပဲ သူက လက်ရှိအခြေအနေအရ စီးပွားရေးနဲ့ အပန်းဖြေ ခရီးသွားလုပ်ငန်းမှာ ကမ္ဘာ့ ထိပ်တန်းနေရာက ရှိနေတဲ့ နယူးယောက်မြို့ အနေအထားကို ခြိမ်းခြောက်လာနိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။
Ref: travelpulse
You may also like these stories:
ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်
ကိုဗစ်နဲ့ဝမ်းရေးကြားက စက်ရုံအလုပ်သမများ