ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဂျပန် – မြန်မာ ၂ နိုင်ငံ အပြန်အလှန် ခရီးသွားလာခွင့်ကို စက်တင်ဘာ ၈ ရက်နေ့ ကစပြီး ပြန်လည် ခွင့်ပြုပေးသွားမယ်လို့ သဘောတူခဲ့ကြပါတယ်။
အဲဒီ သဘောတူညီချက်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ဒါကြောင့်လည်း ဂျပန်အစိုးရက မြန်မာ အပါအဝင် ထိုင်ဝမ်၊ မလေးရှား၊ ကမ္ဘာဒီးယားနဲ့ လာအိုနိုင်ငံတို့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ ၊ စက်တင်ဘာ ၈ ရက်ကစပြီး ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေ လျှော့ချပေးခဲ့တဲ့အတွက် ရေရှည် နေထိုင်သူနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အပြန်အလှန် ခရီးသွားလာခွင့်ရပြီလို့ သိရပါတယ်။
ဂျပန်အစိုးရ အနေနဲ့ ဇူလိုင်လ အစောပိုင်းကတည်းကစပြီး ထိုင်း၊ ဗီယက်နမ်နိုင်ငံက စီးပွားရေးလုပ် ငန်းရှင်တွေအတွက် ခရီးသွား ကန့်သတ်ချက်တွေ လျှော့ချပေးခဲ့ပါတယ်။ စက်တင်ဘာလကုန်ပိုင်းလောက်မှာတော့ ဂျပန် – စင်ကာပူ ကာလတို၊ ကာလရှည် အပြန်အလှန် ခရီးသွား သဘောတူညီမှုတခု ပြုလုပ်ဖို့ ဂျပန်အစိုးရက ရည်ရွယ်ထားပါတယ်။
တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျနိုင်ငံတွေနဲ့လည်း အပြန်အလှန် ခရီးသွားခွင့် ရနိုင်ဖို့ ဂျပန် အစိုးရက ညှိနှိုင်းနေပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ထူထောင်နိုင်ဖို့ ရည်ရွယ်ပြီး ခရီးသွား ကန့်သတ်ချက်တွေ တဖြည်းဖြည်း ရုတ်သိမ်းသွားဖို့ ဂျပန်အစိုးရက မျှော်လင့်ထားပါတယ်။
ခရီးသွား ကန့်သတ်ချက်တွေ လျှော့ချပေးလိုက်တဲ့အတွက် ဂျပန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ ပြန်လည် ထူထောင်နိုင်မှာ ဖြစ်သလို ကပ်ရောဂါကြောင့် ရပ်တန့်ထားရတဲ့ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို အရှိန်မြှင့်တင် ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Ref: NHK, Asahi
You may also like these stories:
အာရှနိုင်ငံတချို့နှင့် ဗီယက်နမ် လေကြောင်းခရီးစဉ် ပြန်စတင်မည်
ဘီလီယံ ရာနဲ့ချီ အရှုံးပေါ်နိုင်တဲ့ အမေရိကန် ခရီးသွားလုပ်ငန်း
တရုတ် – ထိုင်း ခရီးသွားလုပ်ငန်းများ စတင်ဖို့ အဆင့်သင့်မဖြစ်သေး