လက်ရှိအချိန်မှာတော့ ကမ္ဘာအရပ်ရပ်က ခရီးသွားလုပ်ငန်းတွေ အားလုံး အရှုံးနဲ့ ရင်ဆိုင်နေရချိန် ဖြစ် သလို ခရီးသွားလုပ်ငန်းတွေ ပုံမှန် အခြအနေ ရောက်ရှိဖို့ ကြိုးစားနေရချိန်လည်း ဖြစ်ပါတယ်။ ကမ္ဘာ အရပ်ရပ်က ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေကလည်း နောင်လာမယ့် ကာလအတွင်း ဖြစ်လာနိုင်မယ့် ခရီးသွားလုပ်ငန်း အခြေအနေကို မှန်းဆနေကြပါတယ်။
ထိုင်းနိုင်ငံ Krungthai COMPASS သုတေသန စင်တာကလည်း ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့နဲ့ ပုံမှန်ဝင်ငွေ ပြန်ရဖို့ အနည်းဆုံး ၃ နှစ် နဲ့ ၄ နှစ်ကြား ကြာနိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာလည်း COVID-19 မဖြစ်ခင် ကာလက ရရှိခဲ့တဲ့ ဝင်ငွေပမာဏထက် ၅၉ ရာခိုင်နှုန်း ဆုံးရှုံးနိုင်တယ်လို့ သုတေသန ပြုလုပ်သူတွေက ပြောပါတယ်။
သုတေသန စင်တာရဲ့ အဆိုအရ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့အတွက် ၂၀၂၀ ခုနှစ်အတွင်း ဝင်ငွေဘတ် ၉ ဘီလီယံကနေ ၃ ထရီလီယံကြား ထိခိုက်နိုင်မယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်မှာ ကိုဗစ် ကာကွယ်ဆေး ရပြီး ကမ္ဘာအနှံ့ ဖြန့်ဖြူးနိုင်မယ်ဆိုရင်တော့ လာမယ့်နှစ်အတွင်း ထိုင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ ဘတ် ၁ ထရီလီယံကျော် အနည်းငယ် ပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ New Normal ပုံစံနဲ့ နိုင်ငံခြားသား ခရီးသွားတွေကို လူဦးရေ ကန့်သတ်ချက်နဲ့ လက်ခံသွားဖို့ ပြင်ဆင်နေပါတယ်။ နိုင်ငံခြားသား ခရီးသွား လူဦးရေ ကန့်သတ်ချက်ကြောင့် ၂၀၂၁ ခုနှစ်အတွင်း ရရှိမယ့် ဝင်ငွေအများစုက ပြည်တွင်း ခရီးသွားတွေဆီကဖြစ်ပြီး ၆၄ ရာခိုင်နှုန်းကျော် ရှိမယ်လို့ သုတေသနစင်တာက ခန့်မှန်းထားပါတယ်။
Krungthai COMPASS သုတေသနစင်တာရဲ့ အကြီးတန်းဒါရိုက်တာဖြစ်သူ ဒေါက်တာ Phacharapot Nantharamas ကလည်း “၂၀၂၁ ခုနှစ်အတွင်း ပြည်ဝင်ခွင့် ပြန်လည် ခွင့်ပြုခဲ့မယ်ဆိုရင်တောင် နိုင်ငံခြားသား ခရီးသွား အရေအတွက် ကန့်သတ်ချက်က ရှိနေတဲ့အတွက် နိုင်ငံတကာ ခရီးသွားလုပ်ငန်းက ရရှိမယ့်ဝင်ငွေက ကိုဗစ် မတိုင်ခင် ကာလကလို အဓိကနေရာမှာ ရှိနေမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။
ကိုဗစ် မတိုင်ခင် ကာလတုန်းက ထိုင်းပြည်တွင်း ခရီးသွားလုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေက ၃၆ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ၇၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။ နှစ်စဉ် ထိုင်းလူမျိုး ၁၂ သန်းကျော် ပြည်ပကို ခရီးသွားကြပေမယ့် ကိုဗစ်ကြောင့် ပြည်ပကို ခရီးမထွက်ရတဲ့အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းတွေမှာ တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။
Ref: thepattayanews
You may also like these stories:
ဇင်ဘာဘွေ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်မည်
အာရှနိုင်ငံတချို့နှင့် ဗီယက်နမ် လေကြောင်းခရီးစဉ် ပြန်စတင်မည်
မြန်မာအပါအဝင် အာရှ ၄ နိုင်ငံကို ဂျပန်နိုင်ငံသို့ ခရီးသွားခွင့်ပြု