ကိုဗစ် ကာလအတွင်း လူသန်းပေါင်းများစွာ နေအိမ်တွင်းမှာသာ နေထိုင်ပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေရပါတယ်။ တချိန်တည်းမှာပဲ ခရီးသွားလုပ်ငန်းတွေ အားလုံးနီးပါး ရပ်ဆိုင်းထားရတဲ့အတွက် လေကြောင်းလိုင်းတွေလည်း အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါကြောင့်လည်း အရှုံးကို ကျော်လွှားနိုင်ဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ “လေယာဉ်ကဖေး” တွေဟာ ဖောက်သည်တွေအတွက် အစီအစဉ်တခု ပြင်ဆင်ထားပါတယ်။ အဲဒီအစီအစဉ်ကတော့ တကယ့် လေယာဉ်ပေါ်မှာ ကော်ဖီ သောက်နေရတဲ့အတိုင်း ခံစားရမယ့် အစီအစဉ်ပါ။
တကယ်တော့ ဒီလေယာဉ်တွေဟာ ဘယ်ကိုမှ ပျံသန်းတဲ့ လေယာဉ်တွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း “လေယာဉ်ကဖေး”မှာ လာရောက်ပြီး ကော်ဖီ သောက်သူတွေအနေနဲ့ လေယာဉ် အထူးတန်း ထိုင်ခုံမှာ ထိုင်ခွင့်ရမှာဖြစ်သလို လေယာဉ် ခေါင်းခန်းတွင်း ဝင်ရောက် လေ့လာနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ကော်ဖီလာသောက်သူတွေကို စိတ်ကြိုက် ဓာတ်ပုံရိုက်ကူးခွင့်လည်း ပြုထားပါတယ်။
ဒီလို စီစဉ် ပေးထားတဲ့ လေယာဉ်ကဖေးဆိုင် တဆိုင်ကိုတော့ ပတ္တရားမြို့မှာ တွေ့နိုင်ပါတယ်။ ပျံသန်းခြင်း မရှိတော့တဲ့ လေယာဉ်တစင်းကို “လေယာဉ်ကဖေး” အဖြစ် ပြန်လည် ဆန်းသစ်ထားတာ ဖြစ်ပါတယ်။
COVID-19 ရောဂါကြောင့် ထိုင်းနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပျံသန်းမှုတွေကို မတ်လကတည်းက ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါကြောင့်လည်း အများပြည်သူတွေ စိတ်သက်သာရာရစေဖို့ အခုလို “လေယာဉ်ကဖေး”ကို စီစဉ်ရခြင်း ဖြစ်ပါတယ်။
စီစဉ်သူတွေရဲ့ဆန္ဒ ပြည့်ဝတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေယာဉ်ကဖေးကို လာရောက်ကြသူတွေဟာ တကယ့် လေယာဉ် စီးနေရသလို ခံစားမှုမျိုး ရရှိသွားတဲ့အတွက်ကြောင့်ပါ။
ပတ္တရားက လေယာဉ်ကဖေးကို လာရောက်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် Chalisa Chuensranoi က “လေယာဉ်ကဖေးရဲ့ ဝန်ဆောင်မှုဟာ COVID-19 မဖြစ်ခင်အချိန်က ကျမ နောက်ဆုံး သွားခဲ့ဖူးတဲ့ လေယာဉ်ခရီးစဉ် ဝန်ဆောင်မှုလိုပဲ ကောင်းမွန်ပြီး တကယ် လေယာဉ်စီးနေရတဲ့အတိုင်း ခံစားရတယ်” လို့ ပြောပါတယ်။
အလားတူ နောက်ထပ် လေယာဉ်ကဖေးကိုတော့ ဘန်ကောက်မြို့မှာရှိတဲ့ Thai Airways ရုံးချုပ်မှာတွေ့နိုင်ပါတယ်။ ဒီလေယာဉ်ကဖေးမှာဆိုရင်လည်း တကယ့်လေယာဉ် စီးစဉ်အချိန်တွေက မှာယူစားသောက်လို့ရတဲ့ အစားအသောက်တွေကို ရရှိနိုင်ပါတယ်။ စားပွဲထိုးတွေကတော့ တခြားသူတွေ မဟုတ်ဘဲ လေယာဉ်မယ်လေးတွေပါ။
Thai Airways ရုံးချုပ်က လေယာဉ်ကဖေးကို မိသားစုနဲ့အတူ သွားရောက်ခဲ့တဲ့ အသက် ၃၈ နှစ် အရွယ် Intrawut Simapichet က “လေယာဉ်စီးနေရသလို အတွေ့အကြုံမျိုးက လေယာဉ်ကဖေးမှာ ရတဲ့အစားအသောက်တွေထက် ပိုပြီးကောင်းတယ်”လို့ ပြောပါတယ်။
သူဟာ မကြာခဏ ခရီးထွက်လေ့ရှိသူ ဖြစ်ပေမယ့် ကပ်ရောဂါကြောင့် အိမ်တွင်းပုန်း လုပ်နေခဲ့ရပါ တယ်။ “လေယာဉ်ကဖေးတွေဟာ ပျောက်ဆုံးနေတဲ့ အရာတွေကို တဖန်ပြန်ပြီး ရရှိစေတဲ့ အရာပါပဲ”လို့ သူက ပြောပါတယ်။
Ref: Bangkokpost
You may also like these stories:
၂၀၁၉ ခုနှစ်ဟာ လေကြောင်းသမိုင်းမှာ လေယာဉ်ပျက်ကျမှု အနည်းဆုံး နှစ်တနှစ် ဖြစ်
COVID-19 ကူးစက်မှုကို ရပ်တန့်နိုင်တဲ့ နည်းလမ်း ၃ ခု