ထိုင်းအစိုးရကတော့ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည် ရှင်သန်လာအောင် အစွမ်းကုန် ကြိုး စားဆောင်ရွက်နေပါတယ်။ မကြာခင်မှာလည်း နိုင်ငံခြားသား ခရီးသွားတွေကို အကန့်အသတ်နဲ့ လက်ခံသွားဖို့ စီစဉ်ထားပါတယ်။
၂၀၂၀ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား သန်း ၄၀ လာရောက်ဖို့ မျှော်မှန်းထားခဲ့ပေမယ့် COVID-19 ရောဂါကြောင့် ထိုင်းနိုင်ငံရဲ့ ပျော်စရာ နိုက်ကလပ်တွေ နဲ့ လမ်းမတွေမှာ လူတွေ ပျောက်ကွယ်ကုန်ပါတယ်။
ပတ္တရား နိုက်ကလပ်တွေဟာ တချိန်ကတော့ နိုင်ငံခြားသား ခရီးသွားတွေနဲ့ ပြည့်နှက်နေလေ့ ရှိပါတယ်။ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ နိုက်ကလပ် အပြင်ဘက်မှာ ပျင်းရိလေးတွဲနေတဲ့ ပုံစံနဲ့ ဖောက်သည် မျှော်နေကြတဲ့ မိန်းကလေး အများအပြားကို တွေ့နိုင်ပါတယ်။
၂၀၂၀ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်မယ့် နိုင်ငံခြားခရီးသွား သန်း ၄၀ ရှိမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပတ္တရား ကမ်းခြေတွေ၊ အပန်းဖြေစခန်းတွေနဲ့ နိုက် ကလပ်တွေမှာ လူဗလာ ကျင်းလို့ နေပါတယ်။
စက်တင်ဘာ ၃ ရက်နေ့မှာ ပြည်တွင်းကူးစက်လူနာ ၁ ယောက် ပြန်လည် တွေ့ရှိခဲ့တဲ့အတွက်ကြောင့်လည်း နေရာအများစုမှာ လူပိုပြီး ခြောက်ကပ်သွားရပြန်ပါတယ်။
ဆိုးရွားလှတဲ့ အခြေအနေကြားမှာ ထိခိုက်နစ်နာနေတဲ့ ခရီးသွားလုပ်ငန်း ပြန်လည် ရှင်သန်လာနိုင်အောင် ထိုင်းအစိုးရက အစီအစဉ်တခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်ကတော့ အားလပ်ရက် ခရီးထွက်ကြသူတွေကို အစိုးရက ထောက်ပံ့ပေးမယ့် အစီအစဉ်ဖြစ်ပြီး လူ ၈ သိန်းနီးပါး အဲဒီ အစီအစဉ်မှာ ပါဝင်ဖို့ လက်မှတ်ထိုးထားကြပါတယ်။
ထိုင်းအစိုးရက ခရီးသွားပြည်သူတွေအတွက် ဖန်တီးပေးထားတဲ့ အစီအစဉ်ဟာ အားလပ်ရက်တွေမှာ ပြည်တွင်း ခရီးထွက်လိုသူတွေအတွက်တော့ အကြိုက်တွေ့မယ့် အစီအစဉ်ပါပဲ။
အားလပ်ရက် ခရီးထွက်သူတွေအနေနဲ့ နေ့စဉ် အသုံးစရိတ် ရရှိမှာဖြစ်သလို လေယာဉ်ခကိုလည်း ၆၀ ရာခိုင်နှုန်းကိုသာ ပေးဆောင်ရပါမယ်။ နေရာထိုင်ခင်း အခမဲ့ ရရှိနိုင်ဖို့အတွက် Mobile Application ကနေတဆင့် ကြိုတင်ပြီး Booking လုပ်ထားနိုင်တယ်လို့ သိရပါတယ်။
ခရီးသွားလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ စီစဉ်ထားတဲ့ ဒီအစီအစဉ်အတွက် ထိုင်းဘတ်ငွေ ၁၀ ဒသမ ၈ သန်း (အမေရိကန်ဒေါ်လာ ၄၇၃,၀၀၀) အသုံးပြုဖို့ ထိုင်းအစိုးရက ဆုံးဖြတ်ချက် ချထားပါတယ်။
စားသောက်ဆိုင် ပိုင်ရှင်တယောက်ဖြစ်တဲ့ Pornthip Aeng-chaun က “ခရီးသွားလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ ရည်ရွယ်တဲ့ ထိုင်းအစိုးရ အစီအစဉ်က တကယ်ကို ကောင်းပါတယ်။ ဖောက်သည် ၅၀ ရာခိုင်နှုန်းလောက် စားသောက်ဆိုင် ရောက်လာတယ်ဆိုရင်ပဲ ကျမတို့ စားသောက်ဆိုင်တွေအနေနဲ့ ဆက်ပြီး ရှင်သန်နိုင်ပါတယ်။ ဒါကြောင့်လည်း ဒီအစီအစဉ်ကို ဆက်ပြီး အကောင်အထည် ဖော်စေချင်ပါတယ်။ မဟုတ်ရင်တော့ ကျမတို့ စားသောက်ဆိုင်လုပ်ငန်းတွေ အားလုံး ကျဆုံးသွားရမှာပါပဲ ” လို့ ပြောပါတယ်။
ဘန်ကောက်မြို့၊ ချူလာလောင်ကွန် တက္ကသိုလ်က စီးပွားရေးပါမောက္ခ Jessica Vechbanyongratana ကလည်း “ထိုင်းခရီးသွားလုပ်ငန်းက အနိမ့်ဆုံးအခြေအနေကို ရောက်ရှိနေတယ်”လို့ ပြောပါတယ်။
Ref: news.com.au
You may also like these stories:
ပုံမှန်ဝင်ငွေရဖို့ အရှိန်ယူရမယ့် ထိုင်းခရီးသွားလုပ်ငန်း
ဇင်ဘာဘွေ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်မည်
လေယာဉ်စီးသလို ခံစားရမယ့် ထိုင်းနိုင်ငံက လေယာဉ်ကဖေးများ