COVID-19 ကြောင့် လေယာဉ်ခရီးစဉ်တွေ ရပ်နားထားရချိန်မှာ အရှုံးမပေါ်ဖို့အတွက် Thai Airways International (THAI) ကနေ နောက်ထပ် အစီအစဉ်တခု မိတ်ဆက်ပေးလိုက်ပြန်ပါပြီ။ နိုင်ငံအနှံ့ လည်ပတ်ရင်း ရှုမျှော်ခင်း ကြည့်နိုင်မယ့် ခရီးစဉ်အတုကို ဖန်တီးပေးလိုက်တာပါ။
“THAI Flying Experience & Beyond” လို့ နာမည်ပေးထားတဲ့ အစဉ်အမှာ ဧည့်သည်တွေအတွက် တကယ် ဖြစ်ပေါ်နေသလို လက်တွေ့ခံစားနိုင်အောင် ဖန်တီးပေးထားတဲ့ Flight simulator တွေနဲ့ နိုင်ငံအနှံ့ အလည်အပတ် ခရီးစဉ်တွေကို စီစဉ်ပေးမှာပါ။
စက်တင်ဘာ ၂၆ ရက်ကစလို့ လေကြောင်းလိုင်းမှာရှိတဲ့ လေယာဉ်ပုံစံ အမျိုးမျိုးရဲ့ Flight simulator တွေကို အသုံးပြုပြီး အတွေ့အကြုံသစ်တွေကို ဖန်တီးနိုင်အောင် စီစဉ်နေတယ် လို့ THAI ရဲ့ ဒုဥက္ကဋ္ဌ Chatree Pongsak က ပြောပါတယ်။
ပုံမှန်ဆိုရင် simulator တွေကို Thai Airways လေယာဉ်မှူးတွေ လေ့ကျင့်ပေးဖို့နဲ့ နိုင်ငံခြားသားလေယာဉ်မှူးတွေ လေ့ကျင့်နိုင်ဖို့အတွက်ပဲ အသုံးပြုဖို့ ထားရှိထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ COVID-19 ကြောင့် နိုင်ငံခြားသား လေယာဉ်မှူးတွေ ထိုင်းနိုင်ငံကို မလာရောက်နိုင်တာကြောင့် အများပြည်သူတွေ အတွေ့အကြုံ သစ်ခံစားနိုင်အောင် စီစဉ်ဖန်တီးပေးလိုက်တာဖြစ်တယ်လို့ ဒုဥက္ကဋ္ဌ Chatree Pongsak က ဆိုပါတယ်။
လေယာဉ်ခရီးတွေ ရပ်ဆိုင်းထားရတာကြောင့် ငွေကြေးအခက်အခဲ ဖြစ်နေချိန်မှာ ဝင်ငွေ ပြန်ဝင်အောင် လုပ်ဆောင်လိုက်တဲ့ နောက်ထပ် အစီအစဉ်တခုလည်း ဖြစ်ပါတယ်။ ပထမတကြိမ်က လေယာဉ်စီးသလို ခံစားရမယ့် လေယာဉ်ကဖေး ဖွင့်လှစ်ပြီး ဧည့်သည်တွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။ တကယ့်လေယာဉ်ပေါ်မှာ ကော်ဖီ သောက်နေရသလို ခံစားရစေပါတယ်။
Flight simulator တွေနဲ့ ဖန်တီးပေမယ့် Sight-seeing tour ကတော့ အချိန် ၂ နာရီကျော် ကြာမြင့်မှာဖြစ်ပြီး၊ Thai Smile Airways ပိုင် Airbus A320 လေယာဉ်ကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဒုဥက္ကဋ္ဌ Chatree Pongsak က ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောပြသွားပါတယ်။
ခရီးစဉ်တခုအတွက် အစားအသောက်၊ လေယာဉ်ပေါ်ဝန်ဆောင်မှု အပါအဝင် ခရီးသည် တယောက်ကို ထိုင်း ဘတ်ငွေ ၅,၀၀၀ (အမေရိကန်ဒေါ်လာ ၁၆၀ ) နီးပါး ကျသင့်မှာဖြစ်သလို၊ ခရီးသွားအများစုစိတ်ဝင်စားကြတဲ့ ချင်းမိုင်က Doi Suthep တောင်ပေါ်ကနေ ဖြတ်သန်း ပြမှာမျိုးတွေ ပါဝင်ပါတယ်။
Thai Airways ရဲ့ Sight-seeing ခရီးစဉ်ကို လုံခြုံစိတ်ချမှုရှိအောင် ထိုင်းနိုင်ငံ လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကိုလည်း ခွင့်ပြုချက်တောင်းခံထားတယ်လို့ မစ္စတာ Chatree က ဆိုပါတယ်။ အားလုံး အဆင်ပြေမယ်ဆိုရင် နောက်လလောက်မှာ စတင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
Ref: Bangkok Post
You may also like these stories:
ပြည်တွင်းခရီးသွားတွေကို ထောက်ပံ့ပေးမယ့် အစီအစဉ် ထိုင်းအစိုးရ ပြင်ဆင်
လေယာဉ်စီးသလို ခံစားရမယ့် ထိုင်းနိုင်ငံက လေယာဉ်ကဖေးများ
ပုံမှန်ဝင်ငွေရဖို့ အရှိန်ယူရမယ့် ထိုင်းခရီးသွားလုပ်ငန်း