စင်ကာပူနိုင်ငံမှာ လမ်းလျှောက်၊ စက်ဘီးစီး၊ Kayak လှေလှော်စတဲ့ အဖွဲ့လိုက် လှည့်လည် သွားလာနိုင်မယ့် ခရီးစဉ်တွေအတွက် နိုဝင်ဘာ ၁ ရက်ကစလို့ ၁၀ ယောက်ကနေ အယောက် ၂၀ ထိ ခွင့်ပြုပေးတော့မယ်လို့ စင်ကာပူ ခရီးသွားဘုတ်အဖွဲ့ (STB) က အောက်တိုဘာ ၁၉ ရက်က ပြောကြားလိုက်ပါတယ်။
ခွင့်ပြုပေးထားတဲ့ အရေအတွက်ဟာ လမ်းညွှန်ပေးမယ့် တိုးဂိုက်မပါ အယောက် ၂၀ ထိ သွားလာလည်ပတ်နိုင်တော့မှာပါ။ ဒါပေမဲ့လည်း သွားလာတဲ့အခါ ၅ ယောက် တဖွဲ့စီနဲ့ သတ်မှတ်ထားတဲ့ Social distancing စည်းကမ်းချက်တွေအရ လိုက်နာဆောင်ရွက်ရဦးမှာဖြစ်တယ်လို့ စင်ကာပူ ခရီးသွားဘုတ်အဖွဲ့က ဆိုပါတယ်။
လည်ပတ်မယ့်သူတွေဟာ ၅ ယောက် တဖွဲ့စီနဲ့ အဖွဲ့တူသူ အချင်းချင်း ထိတွေ့ ပြောဆိုနိုင်ပေမယ့် အဖွဲ့ မတူသူတွေနဲ့ အနည်းဆုံး ၁ မီတာ အကွာမှာ နေရမယ့်အပြင် ရောနှောနေတာမျိုးတွေ မလုပ်ရဘူးလို့ သတ်မှတ်ပေးထားပါတယ်။
ခွင့်ပြုလိုက်တဲ့ ခရီးစဉ်တွေအတွက် အောက်တိုဘာ ၁၉ ရက်ကစလို့ ခရီးသွား အေဂျင်စီတွေနဲ့ တိုးဂိုက်တွေဟာ နေရာတွေကို ကြိုတင်လေ့လာ ရေးဆွဲနိုင်ဖို့ ခွင့်ပြုလိုက်ပါပြီ။ ဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ လမ်းညွှန်ချက် စည်းကမ်းတွေအတိုင်း ဧည့်သည်တွေ စိတ်ချရအောင် ပြင်ဆင်ပေးရမယ်လို့ STB က ပြောသွားခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ဘက်ကလည်း စတင်လုပ်ဆောင်မယ့် ခရီးစဉ်ရက် မတိုင်ခင် ၂ ပတ်အလိုတည်းက GoBusiness portal ကတဆင့် ဝန်ထမ်းအင်အားနဲ့ အချက်အလက်တွေကို အသေးစိတ် ကြိုတင်ပေးပို့ပေးရမှာ ဖြစ်ပါတယ်။
ခရီးသွားအေဂျင့်၊ တိုးဂိုက်တွေကလည်း ခရီးစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို STB ကို ကြိုတင် ပေးပို့ထားရမှာဖြစ်ပြီး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ပြန်လည်ခွင့်ပြုပေးတဲ့ ခရီးစဉ်တွေကိုပဲ ဝန်ဆောင်မှုပေးရမှာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ COVID-19 ပြည်တွင်းကူးစက်မှု မြင့်တက်ခဲ့တာကြောင့် တစိတ်တပိုင်း အသွားအလာကန့်သတ်မှု (Circuit breaker) ပထမအဆင့်ကို ဇွန် ၂ ရက်နဲ့ ဒုတိယအဆင့်ကို ဇွန် ၁၉ ရက်ကနေ အောက်တိုဘာလကုန်အထိ ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ရောဂါ ထိန်းချုပ်လာနိုင်တဲ့ အခြေအနေကြောင့် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးထားပြီး Circuit breaker ဒုတိယအဆင့်ကနေ ပထမအဆင့်ကို လျှော့ချထားတာကြောင့် စီးပွားရေးလုပ်ငန်းအများအပြား ပြန်လည် လည်ပတ်နိုင်ပြီ ဖြစ်ပါတယ်။
Ref: Channel News Asia
You may also like these stories:
တရုတ်မှာ အားလပ်ရက်ရှည်ကြောင့် ပြည်တွင်း ကူးစက်မှုအသစ် ရှိလာနိုင်မလား
နိုင်ငံအားလုံးက ခရီးသွားတွေကို ဂျပန်သို့ ဝင်ရောက်ခွင့်ပြုမည်