ထိုင်းနိုင်ငံဟာ COVID-19 ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ပြည်ပ ခရီးသွားတွေကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ကန့်သန့်ထားခဲ့ရာက ပြန်လည် ခွင့်ပြုလိုက်ပါပြီ။ ၇ လကြာ နိုင်ငံတွင်း ဝင်ရောက်မှုကို ကန့်သတ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၀ ရက်က ခွင့်ပြုလိုက်တာပါ။
ခွင့်ပြုတဲ့နေ့ ညနေမှာပဲ အထူး တိုးရစ်ဗီဇာ အသစ်ပုံစံနဲ့ တရုတ်ခရီးသွား ၃၉ ဦး Suvarnabhumi လေဆိပ်ကနေ ဝင်ရောက်လာခဲ့ပါတယ်။ ခရီးသွားဧည့်သည်တွေဟာ နိုင်ငံတွင်းကို လှည့်လည်မသွားလာခင် ၁၄ ရက်ကြာ Quarantine ဝင်ရမှာ ဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့ကနေ ရောက်လာခဲ့တဲ့ ခရီးသွားတွေဟာ ထိုင်းနိုင်ငံရဲ့ အထူးတိုးရစ်ဗီဇာ ပုံစံအသစ်အရ သွားရောက် လည်ပတ်ချင်တဲ့နေရာဆီ မသွားခင် ဘန်ကောက်မြို့တော်မှာ ၁၄ ရက်ကြာ Quarantine အရင်ဝင်ပေးရမယ့် စည်းကမ်းကို လိုက်နာရမှာပါ။
ထိုင်းခရီးသွားအာဏာပိုင်အကြီးအကဲ Yuthasak Supasorn က ထိုင်းနိုင်ငံတွင်း ရက် ၃၀ နေထိုင်ခွင့်ပေးထားတဲ့ ခရီးသွားဧည့်သည်တွေအတွက် သွားရောက် လည်ပတ်မယ့် ကမ်းခြေတွေဆီ မသွားခင် ၁၄ ရက် Quarantine ဝင်ပေးရမယ်လို့ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ခရီးသွားလာ လည်မပတ်ခင် ဧည့်သည်ဟာ ၂ ကြိမ်တိုင် ဆေးစစ်ရမှာဖြစ်ပြီး Negative အဖြေထွက်မှသာ လည်ပတ်ခွင့်ပြုမှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း တာဝန်ရှိသူတွေဘက်က ခြေရာခံနိုင်အောင် ခရီးသွား ဧည့်သည်တွေရဲ့ စမတ်ဖုန်းထဲမှာ Tracking app ထည့်သွင်းပေးထားရမယ့် စည်းကမ်းချက်လည်း ပါဝင်ပါတယ်။
ဒုတိယအသုတ်အဖြစ် ခွင့်ပြုပေးထားတဲ့ လူ ၁၀၀ ဝန်းကျင်ရှိ ခရီးသွားအဖွဲ့ဟာ အောက်တိုဘာ ၂၆ ရက်မှာ တရုတ်နိုင်ငံ တောင်ပိုင်း Guangzhou ကနေ ဘန်ကောက်ကို လာရောက်ဖို့ ရှိပါတယ်။ နောက်ပိုင်း တရုတ်နိုင်ငံက ခရီးသွားတွေအပြင် ဥရောပနိုင်ငံတွေက ခရီးသွားတချို့ကိုလည်း ခွင့်ပြုသွားဖို့ရှိတယ်လို့ မစ္စတာ Yuthasak က ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် မတ်လကုန်ပိုင်းကစလို့ Lockdown ချမှတ်ခဲ့ပြီး နိုင်ငံတွင်း ခရီးသွားဧည့်သည် ဝင်ရောက်ခွင့်ကိုပါ ပိတ်ပင်ကန့်သတ်ခဲ့ပါတယ်။ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် ပြန်လည် ခွင့်ပြုလိုက်တဲ့ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ မစ္စတာ Yuthasak က ဆိုပေမယ့် အဆိုပါ အခြေအနေပေါ် သေချာစောင့်ကြည့်သွားဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံဟာ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ချက်အရ COVID-19 ကူးစက်မှု ၉ ခုသာ ရှိခဲ့ပြီး ပြည်ပက ပြန်လာသူတွေသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃,၇၀၀ ကျော်ရှိပြီး၊ သေဆုံးသူကတော့ ၅၉ ဦး ရှိပါတယ်။
Ref: Bangkok Post
You may also like these stories:
ဂျပန်မှာ နေထိုင်ခွင့်ရထားတဲ့ နိုင်ငံခြားသားတွေကို ပြန်ဝင်ခွင့်ပြုတော့မည်
ကင်ဆာ ရောဂါသည်များအတွက် ဆေးခြောက်ဆေးဝါး စတင်ဖြန့်ဝေလိုက်တဲ့ ထိုင်းနိုင်ငံ
အောက်တိုဘာလကစပြီး နိုင်ငံခြားခရီးသွားများကို ထိုင်းသို့ ဝင်ရောက်ခွင့်ပြုမည်